တပ်ကုန်း နိုဝင်ဘာ ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းတို့တွင် ပညာသင်ယူလျှက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်း သား၊ ကျောင်းသူများအား  ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီ က ဆရာစံရပ်ကွက်၊ မဟာဇနကပရိယတ္တိစာသင်တိုက်ရှိ မဟာဇနကဓမ္မာရုံတွင် ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် အသက်(၁၂)နှစ် အထက် ကျောင်းသား၊ကျောင်းသူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးမထိုးမီ ကျောင်းသား/သူများ၏ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်ရယူခြင်း၊ စာရင်းရေးသွင်းခြင်း၊ အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင်တိုင်းတာခြင်း များပြုလုပ်ပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinovac)   ထိုးနှံပေးခဲ့သည်။

ထို့နောက် ကာ ကွယ်ဆေး ထိုးနှံပြီးသည့် ကျောင်းသား၊/သူများအား မိနစ်(၃၀)ခန့် အနားယူစေပြီး ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့သည်။ ထိုကာကွယ်ဆေးထိုးနှံစုရပ်တွင် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဌ ဦးကျော်သူစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာအဲမွန်ထွန်း တို့က လာရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

 တပ်ကုန်းမြို့နယ်အနေဖြင့် အခြေခံပညာကျောင်းပေါင်း(၁၆၇)၊ ကိုယ်ပိုင်ကျောင်း(၁၃) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်း(၆)ကျောင်း၊ စုစုပေါင်း(၁၈၆)ကျောင်းတို့က အသက်(၁၂) နှစ်အထက် ကျောင်းသား၊ကျောင်းသူပေါင်း (၁၃၁၅၅)ဦးကို လျာထားပြီး၊  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သတ်မှတ်ရက်များတွင် ကျောင်းအလိုက် ထိုးနှံပေးခဲ့ရာ  အောက်တိုဘာ (၁၂)ရက်နေ့မှ နိုဝင်ဘာ(၂)ရက်နေ့ထိ  ကျောင်းသား၊ကျောင်းသူပေါင်း(၁၀၂၅၈)ဦးတို့ကို ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးစီးခဲ့ကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ  သိရသည်။

တင်စိုးလွင်(ပြန်/ဆက်)