တပ်ကုန်း   ၁၇ ဧပြီ   

                 

မြန်မာနှစ်သစ် မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဉပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ(က)အရ အကျဉ်းထောင်၊ စခန်းအသီးသီးရှိ အကျဉ်းသား/သူ စုစုပေါင်း (၂၄၈၉၆)ဦးတို့အား စည်းကမ်းသတ်မှတ်ချက်မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလျက်ရှိရာ  ဧပြီ ၁၇ ရက်နံနက်ပိုင်းတွင်  နေပြည်တော် တပ်ကုန်းမြို့နယ် ကင်းသာ(၁ / ၂) ကုန်ထုတ် စခန်းမှ အကျဉ်းသား(၄၇၃)ဦး လွတ်ငြိမ်းခွင့် ရရှိသည်။

 

ကင်းသာ(၁) ကုန်ထုတ်စခန်းတွင် လွတ်ငြိမ်းခွင့်ရရှိသူပေါင်း(၂၁၉)ဦးရှိပြီး၊ ဆေးသုတေသနတပ် (တပ်ကုန်းတပ်နယ်)မှ ဆရာဝန်များက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ကိုယ်အပူ ချိန်တိုင်းတာ ပေးခြင်း၊ သွေးပေါင်ချိန်ခြင်းဆောင်ရွက်ပြီး၊ ရောဂါကူးစက်တတ်သည့်အကြောင်း အရာများနှင့် လက်ဆေးနည်းများကို ရှင်းလင်းပြောကြားပြီးနောက်   ကင်းသာ(၁)ကုန်ထုတ်စခန်း တာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဦးဌေးလွင်ထွန်းက လွတ်ငြိမ်းခွင့် ရရှိသူများအား မိမိအိမ်များသို့ ပြန်ရောက်ရှိပါက တစ်ပတ်ခန့်အကြာ မိသားစုနှင့်အတူ အနီးကပ်မနေထိုင်ကြရန် အသိပေး ရှင်းလင်းမှာကြားခဲ့သည်။

 

3408

 

ထို့နောက် ကင်းသာ(၂)ကုန်ထုတ်စခန်းတွင် လွတ်ငြိမ်းခွင့် ရရှိသူပေါင်း(၂၅၄)ဦးရှိပြီး၊ အမှတ်(၂) တပ်မတော် ကုတင်(၁၀ဝ၀)ဆေးရုံမှ ဆရာဝန်များက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ် ငန်းများ ဆောင်ရွက်ပေးခဲ့ပြီးနောက် လွတ်ငြိမ်းခွင့်ရရှိသော အကျဉ်းသားပေါင်း(၄၇၃)ဦးတို့ကို တပ်ကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့် မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ဆေးသုတေသန တပ်ရင်းမှူး ဗိုလ်မှူးချုပ်ကြီးမြင့် (တပ်ကုန်းတပ်နယ်မှူး)နှင့် တာဝန်ရှိသူများ၊ ဆရာဝန်များ၊ ကင်းသာ (၁/၂)ကုန်ထုတ်စခန်းမှ ထောင်ပိုင်/ထောင်မှူးများနှင့် တာဝန်ရှိသူများက လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနက စီစဉ်သည့်မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

တင်စိုးလွင်(ပြန်ဆက်)