နေပြည်တော်၊ အောက်တိုဘာ ၈

 

၂၀၂၄  ခုနှစ် တပ်မတော် (ကြည်း၊  ရေ၊  လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ ရုံများတွင် ဆက်လက် ယှဉ်ပြိုင်ကစားကြသည်။

၂၀၂၄  ခုနှစ်  တပ်မတော်  (ကြည်း၊  ရေ၊  လေ) အားကစားပြိုင်ပွဲများဖြစ်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ တတိယနေရာလုပွဲများကို ဇေယျာသီရိအားကစားရုံ (B) တွင် အမျိုးသားပွဲစဉ်အဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)  အသင်းနှင့်  ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) အသင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)  စခန်းမှူးရုံးအသင်းအား သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသမီးပွဲစဉ်အဖြစ် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံး အသင်းအား သုံးပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိပြီး  အောက်တိုဘာ    ရက်တွင်  ဗိုလ်လု ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ (C) ၌ အားကစားအမျိုးအစားအလိုက် ဗိုလ်လုပွဲ ပွဲစဉ်များကိုလည်းကောင်း၊  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ပိုက်ကျော် ခြင်းပြိုင်ပွဲကို စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားရုံတို့၌လည်းကောင်း ယှဉ်ပြိုင် ကစားကြသည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖလားဘောလုံးပြိုင်ပွဲကို ညနေပိုင်းတွင် ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ တတိယနေရာလုပွဲစဉ်အဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံး ကိုယ်စားပြုအသင်းနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)  စခန်းမှူးရုံး ကိုယ်စားပြုအသင်းက  နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းအား နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါအားကစားပြိုင်ပွဲများသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊  အရာရှိ၊ စစ်သည်၊  မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။    

သတင်းစဉ်