နေပြည်တော် ဇူလိုင် ၄
တပ်မတော်စစ်ကြောင်းများသည် အင်းတော်ဒေသရှိ အကြမ်းဖက်သောင်းကျန်းသူများ ယာယီ စိုးမိုးထားသည့် ကျေးရွာများအား ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် အင်းတော်မြို့၌ လိုအပ်သည့်ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ပြီး နယ်မြေလုံခြုံရေးလုပ်ငန်းများကို စစ်ကြောင်းများခွဲ၍ ဟန်ချက်ညီညီ ဆောင်ရွက်ခဲ့ရာ ဇွန် ၂၇ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူများ အခိုင်အမာခံစစ်ပြင်ဆင်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် အခြေချနေထိုင်သော နတ်မဟုတ်လေး ကျေးရွာနှင့် ဆည်ရွာတို့အား လည်းကောင်း၊ ဇွန် ၂၈ ရက်တွင် လယ်နောင်ကျေးရွာအား လည်းကောင်း၊ ဇွန် ၂၉ ရက်တွင် နတ်မဟုတ်ကြီးကျေးရွာအား လည်းကောင်း၊ ဇွန် ၃၀ ရက်တွင် သံဘိုကျေးရွာအား လည်းကောင်းအဆင့်ဆင့် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် မြစ်ကြီးနား - ရွှေဘို မီးရထားလမ်း ပေါ်ရှိ မဲဇာကျေးရွာနှင့် မြစ်ကြီးနား - ရွှေဘိုကားလမ်းပေါ်ရှိ နန့်သဲ ကျေးရွာတို့အား ပြန်လည် သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက် သောင်းကျန်းသူများသည် ထိခိုက်သေဆုံးမှုများစွာဖြင့် ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားကြကြောင်း သိရသည်။
တပ်မတော် စစ်ကြောင်းများအနေဖြင့် စစ်ဆင်ရေးကာလအတွင်း အကြမ်းဖက်သောင်းကျန်းသူများ နှင့် တိုက်ပွဲကြီး/ငယ် ထိတွေ့မှု စုစုပေါင်း ၃၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်းခုနစ်လောင်း၊ လေယာဉ်ပစ်စက်သေနတ် အပါအဝင် လက်နက်မျိုးစုံ ၁၂ လက်၊ အကြမ်းဖက် လုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် မော်တော်ယာဉ် နှစ်စီး၊ Drone များ၊ Drone ဗုံးသီးများ၊ ခဲယမ်းများနှင့် ဆက်စပ် ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်။
တပ်မတော် စစ်ကြောင်းများအနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေ ရန်အတွက် လိုအပ်သောပြန်လည် ထူထောင်ရေးလုပ်ငန်းများ၊ ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတို့ကို ပြန်လည်ဖော်ဆောင်ပေးနိုင်ရန်အတွက် လိုအပ်သည်များကို ပြည်သူလူထုနှင့် လက်တွဲ ၍ ဆက်လက်ဖော်ဆောင်ပေးသွားမည်ဖြစ်ပြီး နယ်မြေလုံခြုံရေးလုပ်ငန်းများကိုလည်း အရှိန် အဟုန်မြှင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


