နေပြည်တော် ဇူလိုင် ၂၇

 

တပ်မတော်စစ်ကြောင်းများအနေဖြင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကအရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်သော ကလေး-တမူးလမ်းကြောင်းအား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အဆိုပါ ကလေး-တမူး လမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများသည် စနစ်တကျစုဖွဲ့ ပြင်ဆင်ပြီး စစ်ကြောင်းများခွဲ၍ ဇွန် ၇ ရက်မှစ၍ ဟန်ချက်ညီညီဖြင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ တမူးမြို့ဘက်မှ ချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ရန်လင်းဖိုင်ကျေးရွာနှင့် အဆိုပါဒေသတစ်ဝိုက်အထိအား လည်းကောင်း၊ ကလေးမြို့ဘက်မှ ချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ကလေး-တမူးလမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများအား တစ်ခုပြီးတစ်ခု အဆင့်ဆင့် ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီး ယမန်နေ့ ညနေပိုင်းတွင် အကြမ်းဖက်သောင်းကျန်းသူများ ယာယီအခြေပြုနေထိုင်သည့် ထင်းဇင်ရွာသစ်နှင့် ထင်းဇင်ရွာဟောင်းတို့အား ထပ်မံသိမ်းပိုက်ရရှိခဲ့သည်။ ထိုသို့ တိုက်ခိုက်သိမ်းပိုက်စဉ် အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများထံမှ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူများသည် ထိခိုက်သေဆုံးမှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

 

တပ်မတော်စစ်ကြောင်းများအနေဖြင့် ကလေး-တမူး လမ်းကြောင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး၊ နယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်သောင်းကျန်းသူများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒေသခံပြည်သူများ၏ နေအိမ်၊ အဆောက်အအုံများနှင့် လမ်းတံတားများ ပြန်လည်ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်