တပ်မတော်ဆေးပညာ နှီးနှောဖလှယ်ပွဲမှသည် တပ်မတော်ဆေးတပ်ဖွဲ့၏ ဂုဏ်ကိုထွန်းလင်းတောက်ပစေလျက် …….

 

ညောင်ဦးဖီး၊ ဓာတ်ပုံ - ဥသာ

 

သမိုင်းအစဉ်အလာ ကြီးမားသော တပ်မတော်သည် ပြည်သူထဲမှပေါက်ဖွားလာပြီး နိုင်ငံတော်ကာကွယ်ရေး အတွက် အသက်၊ သွေး၊ ချွေးနှင့် ကိုယ်လက်အင်္ဂါများကို စွန့်လွှတ်စတေးခဲ့ကြရသည်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ထိပါးမှုတွင် အရေးကြုံသည့်အခါတိုင်း သမိုင်းပေးတာဝန်ကို မမှိတ်မသုန် ထမ်းဆောင်ခဲ့ကြသည်။

 

တပ်မတော် ဆေးတပ်ဖွဲ့ဝင်များသည်လည်း လွတ်လပ်ရေးကြိုးပမ်းမှုကာလမှစ၍ တပ်မတော်၏ သမိုင်းဖြစ်စဉ်များတွင် ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရာ၌ တပ်မတော်ကိုလည်း စွမ်းရည် ပြည့်ဝသော အင်အားခိုင်မာတောင့်တင်းသည့် ခေတ်မီတပ်မတော်ကြီးအဖြစ် ကြိုးပမ်းဆောင်ရွက်ရာတွင် ဆေးတပ်ဖွဲ့သည် အစဉ်အလာ ရှိခဲ့သည်နှင့်အညီ ခေတ်အဆက်ဆက် စွမ်းစွမ်းတမံ ကြိုးပမ်း ဆောင်ရွက်ခဲ့သည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။

 

ကမ္ဘာဦးအစ သက်ရှိလူသားတို့တွင် အသိဉာဏ်နှင့် အသိစိတ် ဖြစ်တည်လာခဲ့သည်နှင့် တစ်ပြိုင်နက်တည်း ဆေးကုသခြင်း အတတ်ပညာသည်လည်း ပေါ်ပေါက်လာခဲ့သည်ဟု ဆိုနိုင်သည်။ အစားအစာများကို မှန်ကန်စွာ ရွေးချယ်ပြုပြင် စားသောက်တတ်လာခြင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ ကွဲပြားနေသော လူသားမျိုးနွယ်စုချင်း တိုက်ခိုက် ရာတွင်ဖြစ်စေ၊ သားရဲတိရစ္ဆာန်ကြောင့်ဖြစ်စေ ရရှိသော ထိခိုက်ကျိုးပဲ့ဒဏ်ရာများကို ကုသတတ်လာခဲ့ကြသည်။ မြန်မာနိုင်ငံအလယ်ပိုင်း ပုံတောင်ဒေသမှ ရှာဖွေတွေ့ရှိသည့် လူတူပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းများကို လေ့လာစစ်ဆေးကြည့်ရာ၌ လွန်ခဲ့သော နှစ်သန်းပေါင်း ၄၀ သက်တမ်းရှိကြောင်း တွေ့ရှိရသောကြောင့် မြန်မာ့ဆေးပညာသည်လည်း ထိုကာလကပင် အစပြုခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ထိုမှ ခေတ်အဆက်ဆက် ဖြတ်သန်းလာရာ၌ ဆေးဝါးကုသခြင်း အတတ်ပညာသည်လည်း ပြောင်းလဲဖွံ့ဖြိုးတိုးတက်လာခဲ့သည်မှာ ယခုဆိုလျှင် DNA နည်းပညာဖြင့် လူသားကိုယ်ပွားများ ဖန်တီးလာနိုင်သည့်အပြင် ကုသရေးပိုင်းတွင်လည်း ခန္ဓာကိုယ်တွင်းရှိ အင်္ဂါအစိတ်အပိုင်း ပုံသဏ္ဌာန်အတိုင်း အစားထိုးအသုံးပြုနိုင်သည်အထိ ပြောင်းလဲတိုးတက်လာလျက် ရှိသည်။

 

ရှေးမင်းများလက်ထက်က ဆေးဝါးအတတ်ကို ကျွမ်းကျင်သူများသည် တိုင်းနိုင်ငံနှင့် မင်းဧကရာဇ် တို့၏ အမှုတော်ကို ထမ်းရွက်ခဲ့ကြကြောင်း တွေ့မြင်ရမည်ဖြစ်သည်။ မဟာရာဇဝင်ကြီးတွင် ပါရှိသော ပဉ္စာတကောင်းပြည်ကို တည်ထောင်ခဲ့သော သတိုးဇမ္ဗူ ဒီပဓဇ ရာဇာသည် သုခမိန်ပညာရှိ၊ မှူးတော်မတ်တော်၊ လက်ဝဲလက်ယာအမှုထမ်း အရာထမ်း၊ ဆင်သည် မြင်းသည်၊ ခြေသည် သူဌေး သူကြွယ်၊ ပုဏ္ဏားဟူးရား၊ ဆေးသမား၊ လက်သမားတို့အား တစ်ထောင့်ခြောက်ဆယ်သော အမည်ဘွဲ့ပုံတို့ကို ပေးတော်မူသည်ဟု အမှတ်အသားစကား ရှိခဲ့သည်။

 

ရှေးမြန်မာတို့လက်ထက်တွင် ဆေးပညာသင်ကြားခြင်း၏ ဗဟိုဌာနများသည် ဆေးပညာနှင့် စစ်ပညာကို တွဲဖက်သင်ကြားပေးသော ပွဲကျောင်းဟုခေါ်ဆိုသည့် ဘုန်းတော်ကြီးကျောင်းများ ဖြစ်သည်။ ဂါမဝါသီ ပွဲကျောင်းများတွင် စစ်ရေးအတတ်ပညာများအပြင် လောကီအသက်မွေးမှု အတတ်ပညာဖြစ်သော ဗိန္ဓော၊ ဓာတ်စာ၊ နက္ခတ်၊ ဘုရင်ဂျီ၊ ပယောဂဟူ၍ ငါးမျိုးကို သင်ကြားရလေ့ ရှိသည်။ မြန်မာ့သမိုင်းတွင် နယ်ချဲ့ကိုလိုနီအား လက်နက်စွဲကိုင်၍ တော်လှန်တိုက်ခိုက်ခဲ့သူတို့တွင် ဆေးပညာဖြင့် အသက်မွေးသော သုပဏ္ဏကဂဠုန် ရာဇာဘွဲ့ခံ ဆရာစံလည်း ပါဝင်ခဲ့သည်။

 

၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်၌ စတင်ဖွဲ့စည်းခဲ့သော ဗမာ့လွတ်လပ် ရေးတပ်မတော် ( BIA ) သည် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် စစ်ကြောင်းကြီး သုံးကြောင်းဖြင့် ဝင်ရောက်ခဲ့စဉ် ထားဝယ်မြို့တွင် စစ်မဖြစ်မီက ရှိခဲ့သော သူနာပြုတပ်ဖွဲ့သည် ထားဝယ်စစ်ကြောင်းသို့ ပထမဆုံး ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့ သို့ ၁၉၄၂ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ရောက်ရှိကြပြီး အရာရှိတစ်ဦးနှင့် သူနာပြုရဲဘော် ၂၀ ခန့်သည် ဗမာ့လွတ်လပ်ရေး တပ်မတော်ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည်။ တပ်ခွဲမှူး၊ တပ်စုမှူး အရာရှိနှင့် တပ်စုနှစ်ခုခန့် သူနာပြုတပ်ဖွဲ့သည် ဗိုလ်ချုပ်အောင်ဆန်း ဦးစီးချီတက်လာသော ရန်ကုန်မှ အထက်ဗမာပြည် ချီတက်တိုက်ခိုက်ရေးတပ်များ၏ စစ်ကြောင်းများနှင့်အတူ လိုက်ပါချီတက်ခဲ့ကြသည်။ ယင်းသည် မြန်မာ့တပ်မတော်၏ ဆေးတပ်ဖွဲ့ သမိုင်းအစဟု ဆိုရမည်ဖြစ်သည်။

 

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ တပ်မတော်ဆေးတပ်ဖွဲ့သည် ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။ မျိုးချစ်စိတ်ရှိသော ဆရာဝန်နှင့် ဆေးကျောင်းသားများသည်လည်း မျိုးချစ်စိတ်ထက်သန်စွာဖြင့် မိမိတို့နှင့်နီးစပ်ရာ တပ်ဖွဲ့များသို့ ဝင်ရောက်၍ တပ်မတော်နှင့် ပူးတွဲတာဝန် ထမ်းဆောင်ခဲ့ကြသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်ဆေးရုံ၊ ရန်ကုန်၏ ဆေးရုံအုပ်အဖြစ် ဒေါက်တာဦးဘသန်း MB (Cal.), FRCS (Edin), FACS, FICS(USA) ဖြစ်သည်။ ဘီအိုင်အေ ဖျက်သိမ်းပြီးနောက် ဂျပန်ခေတ် တစ်လျှောက်တွင် ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဗုံးဆံများကြားမှ သက်စွန့်ကြိုးပမ်းဆေးကုသမှု လုပ်ငန်းများကိုလည်းကောင်း၊ LSMB ဆေးပညာ သင်ကြားရေးလုပ်ငန်းများကို လည်းကောင်း ထမ်းဆောင်ခဲ့ကြသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်ခေတ်တွင် တပ်မတော်စစ်ဆေးရုံများကို ဖွင့်လှစ်နိုင်ခဲ့သည်။

 

စစ်ဝန်ကြီးရုံး၊ ဆေးဘက်ဌာန၊ ရန်ကုန် စစ်ဆေးရုံ၊ မန္တလေးစစ်ဆေးရုံ၊ ပျဉ်းမနား စစ်ဆေးရုံ၊ ပဲခူးစစ်ဆေးရုံနှင့် အနောက်တိုင်းစစ်ဌာနချုပ် ဖြစ်သော အောင်လံ၊ ပြလို့စခန်းဆေးရုံတို့ကို ဖွင့်လှစ်ခဲ့သည်။ စစ်ဝန်ကြီးဆေးရုံ၊ ဆေးဘက်ဌာန စတင်ဖွင့်လှစ်စဉ်က ခေတ္တဆေးမှူးချုပ်မှာ ဗိုလ်ကြီး မောင်မောင် (အဘ မောင်မောင်) ဖြစ်သည်။ ၁၉၄၃ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးပတ်တွင် ဗိုလ်လက်ျာထံမှ တစ်ဆင့် ဗိုလ်မှူး မောင်မောင်ကြီး ရောက်ရှိပြီး အဘမောင်မောင်ထံမှ ဆေးမှူးချုပ်တာဝန်ကို လွှဲပြောင်း လက်ခံခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးမရမီ မျိုးချစ်ဗမာ့တပ်မတော်၊ အသစ်ဖွဲ့စည်းသော ဗမာ့တပ်မတော်တွင် ဆေးတပ်ဖွဲ့သည် အရေးပါသော အခန်းကဏ္ဍတွင် တပ်မတော်နှင့် ပြည်သူ့အတွက် တာဝန်ထမ်းဆောင်ခဲ့ကြသည်။ ၁၉၄၇ ခုနှစ်တွင် တည်ရှိခဲ့သော ဆေးတပ်ဖွဲ့များကို လွတ်လပ်ရေးမရမီ ပြန်လည်ဖွဲ့စည်းခဲ့ပြီး အသက်၊ သွေး၊ ချွေး၊ ကိုယ်လက်အင်္ဂါများ စွန့်လွှတ်မှုဖြင့် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကာ ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင်လည်း ဆေးတပ်ဖွဲ့ဝင်များသည် တတ်ကျွမ်းသည့် ပညာဖြင့် အလုပ်အကျွေးပြုကာ သူရသတ္တိကို ပြသခဲ့ကြသည်။

 

၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း ဆေးတပ်ဖွဲ့ကို တိုးချဲ့ဖွဲ့စည်းမှုဖြင့် တပ်မတော်၏ ဆေးပညာစွမ်းရည်သည် တိုးတက်လာခဲ့သည်။ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး၊ ဗဟိုဆေးတပ် (မင်္ဂလာဒုံ)၊ တပ်မတော်ဆေးရုံကြီး (မင်္ဂလာဒုံ)၊ အမှတ် (၁) အခြေချစစ်ဆေးရုံ (ခုတင်-၇၀၀) မေမြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံ ( ခုတင်-၃၀၀) မိတ္ထီလာ၊ အမှတ် (၂) တပ်မတော်ဆေးရုံ (ခုတင်-၃၀၀) ရန်ကုန်၊ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင်-၁၀၀) ပြည်မြို့၊ အမှတ် (၁) ရှေ့တန်းအခြေချစစ်ဆေးရုံ (ခုတင်-၇၅) ဗထူး၊ အမှတ် (၁) စစ်မြေပြင်ဆေးရုံ (ခုတင်-၁၀၀) လားရှိုး၊ အမှတ် (၂) နယ်လှည့်ခွဲစိတ်နှင့် ဓာတ်မှန်ရိုက်တပ် (မင်္ဂလာဒုံ)၊ အမှတ် (၁) နယ်လှည့်ဆေးတပ်ရင်း၊ အမှတ် (၁၃၁) စစ်မြေပြင်ဆေးတပ်ရင်း၊ အမှတ် (၂၃၂) စစ်မြေပြင်ဆေးတပ်ရင်း၊ အမှတ် (၃၃၃) စစ်မြေပြင် ဆေးတပ်ရင်း၊ အမှတ် (၄၃၄) စစ်မြေပြင် ဆေးတပ်ရင်း၊ အမှတ် (၅၃၅) စစ်မြေပြင် ဆေးတပ်ရင်း၊ အမှတ် (၁) ငှက်ဖျားနှင့် ကျန်းမာရေးတပ် (မှော်ဘီ)၊ အမှတ် (၁) အခြေချဆေးသိုလှောင်ရေးတပ်၊ အမှတ် (၁) ရှေ့တန်းအခြေချ ဆေးသိုလှောင်ရေးတပ်၊ ကျောက်ကပ်တုတပ် (မင်္ဂလာဒုံ)၊ အမှတ် (၂) နာလန်ထစခန်း (ခုတင်-၂၀၀)၊ ခြေတုလက်တု အလုပ်ရုံ၊ အမှတ် (၁) အဆုတ်ရောဂါတိုက်ဖျက်ရေးနှင့် နယ်လှည့်ဓာတ်မှန်ရိုက်တပ်၊ သွားဆေးကုဌာနတို့ကို မြန်မာ့တပ်မတော်ဆေးတပ်ဖွဲ့သည် တပ်ပေါင်း ၂၃ တပ်ကို တိုးချဲ့တည်ဆောက်မှုဖြင့် နည်းပညာ၊ ပစ္စည်းကိရိယာနှင့် အဆောက်အဦများအသစ် တိုးပွားလာမှုဖြင့် ဆေးတပ်ဖွဲ့၏ တာဝန်နှင့် လမ်းစဉ် ကို ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။ စစ်မြေပြင် ဆေးအကာအကွယ်ပေးခြင်းနှင့် ပြည်သူတို့ကို ကုသမှုပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးခြင်းတို့သည် မြန်မာ့တပ်မတော်နှင့် ဆေးတပ်ဖွဲ့၏ ဆေးပညာ စွမ်းရည်တို့ကို ဂုဏ်သတင်း သင်းပျံ့စေခဲ့သည်။

 

၁၉၈၈ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစိုးရနှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီအစိုးရလက်ထက်တွင် တပ်မတော်အင်အား ရှိမှ တိုင်းပြည်အင်အားရှိမည် ဆောင်ပုဒ်နှင့်အညီ စွမ်းရည်ထက်မြက်သော ခေတ်မီတပ်မတော်ဖြစ်စေ ရေးအတွက် တပ်မတော်ကိုတိုးချဲ့ဖွဲ့စည်းခဲ့ရာတွင် တပ်မတော်တစ်ရပ်လုံး ဆေးအကာအကွယ်ပေးရေး လုပ်ငန်းများ ပိုမိုထက်မြက် မြင့်မားလာစေရေးအတွက် ဆေးရုံ၊ ဆေးတပ်ရင်းတို့ကိုလည်း ပြင်ဆင် တိုးချဲ့ဖွဲ့စည်းခဲ့သည်။

 

ထိုသို့တိုးချဲ့ဖွဲ့စည်းမှုနှင့်အတူ တပ်မတော် ဆေးတပ်ဖွဲ့၏ ကုသမှုစွမ်းရည် ထက်မြက်မြင့်မား ရေးစွမ်းဆောင်မှုတစ်ရပ်အဖြစ် နိုင်ငံတကာအဆင့်မီ ဆေးပညာလုပ်ငန်းများဖြစ်သော နှလုံးရောဂါရှာဖွေ ကုသခြင်းနှင့် ခွဲစိတ်ကုသခြင်း၊ အတွင်းကြည့် မှန်ပြောင်းနှင့် ဝမ်းဗိုက်အတွင်း ရောဂါရှာဖွေကုသ ခြင်းနှင့် ခွဲစိတ်ကုသခြင်း၊ အစာအိမ်နှင့် အူလမ်း ကြောင်းဆိုင်ရာရောဂါများ ရှာဖွေကုသခြင်း၊ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများ ရှာဖွေခြင်းနှင့် ခွဲစိတ်ကုသခြင်း၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများ ခွဲစိတ်ကုသခြင်း၊ မျက်စိရောဂါကုသခြင်း၊ ဒူးဆစ်ပေါင်ဆစ် အစားထိုး ခွဲစိတ်ကုသခြင်းတို့ကို နိုင်ငံတကာအဆင့်မီ ဆေးပညာ ရပ်များဖြင့် တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံးအတွက် အလုပ်အကျွေး ပြုခဲ့ကြသည်။

 

တပ်မတော်ဆေးတပ်ဖွဲ့သည် ကျန်းမာရေး မြှင့်တင်မှုလုပ်ငန်းတို့တွင် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများ၊ ပြန်လည်သန်စွမ်းရေး လုပ်ငန်းများကိုလည်း အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ဆေးပညာရပ်တွင် သုတေသနလုပ်ငန်းသည် အထူးအရေးပါသောကြောင့် သုတေသနဖွံ့ဖြိုး တိုးတက်ရေး ကဏ္ဍတွင် တပ်မတော်ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဖွဲ့စည်းခြင်းနှင့် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများကို ပြုလုပ်ခဲ့သည်။

 

ပထမအကြိမ် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ၁၉၉၀ ပြည့်နှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ တပ်မတော်အရိုးကုဆေးရုံကြီး (ခုတင်-၅၀၀)တွင် ကျင်းပခဲ့သည်။ ၁၉၉၀ ပြည့်နှစ်မှစတင်၍ နှစ်စဉ် သုတေသနစာတမ်းများ ဖတ်ကြားဆွေးနွေးခဲ့ရာ ၂၀၀၁ ခုနှစ် (၁၁) ကြိမ်မြောက်တွင် ဘာသာရပ်ဆိုင်ရာ စာတမ်းပေါင်း (၅၄၇) စောင် ဖတ်ကြားတင်သွင်းခဲ့ပြီး သုတေသနဆိုင်ရာ ပိုစတာ (၄၁) စောင် ခင်းကျင်းပြသနိုင်ခဲ့သည်။

 

ယခုအခါ (၂၉) ကြိမ်မြောက် ဆေးပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီးကို မေ ၉ ရက်မှ ၁၁ ရက်အထိ မင်္ဂလာဒုံမြို့နယ်၊ အရိုးရောဂါအထူးကုဆေးရုံ (ခုတင်-၅၀၀) တွင် နိုင်ငံတကာအဆင့်မီ ကျင်းပမည် ဖြစ်သည်။ မြန်မာနိုင်ငံဆရာဝန်အသင်း ဆေးပညာ နှီးနှောဖလှယ်ပွဲကို မြန်မာနိုင်ငံ ဆေးသုတေသန စာတမ်းဖတ်ပွဲ၊ မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆရာဝန်အသင်းနှင့် အထူးဘာသာရပ်များအလိုက် ကျင်းပခဲ့သော စာတမ်းဖတ်ပွဲများတွင် တပ်မတော် ဆေးတပ်ဖွဲ့ဝင် သုတေသီပညာရှင်များပါဝင်၍ စာတမ်းများ ဖတ်ကြားခဲ့ကြသည်။ (၁၁)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာဆိုင်ရာ နှီးနှောဖလှယ် ပွဲတွင် မြန်မာ့တိုင်းရင်းဆေးပြခန်းများကို ပထမဦး ဆုံးအကြိမ်အဖြစ် ထည့်သွင်းပြသခဲ့သည်။ တပ်မတော်ဆေးတပ်ဖွဲ့သည် ကူးစက်ရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး၊ ဘာသာရပ်အလိုက် ကုသရေးဆိုင်ရာများ လေ့ကျင့်သင်ကြားရေးနှင့် သုတေသနလုပ်ငန်းများပါဝင်သည့် Journal of Myanmar Military Medicine ကို ၁၉၉၂ ခုနှစ်မှ ၂၀၂၁ ခုနှစ်ထိ စဉ်ဆက်မပြတ် ထုတ်ဝေခဲ့သော ကြောင့် မြန်မာ့တပ်မတော်၏ တပ်မတော် ဆေးတပ်ဖွဲ့သည် ကုသရေးနှင့် သုတေသနလုပ်ငန်း များအား နိုင်ငံတကာနှင့်ရင်ပေါင်တန်း လုပ်ဆောင်နိုင်မှုကို ပြသလျက်ရှိသည်။

 

mdn

 

 

မြန်မာ့တပ်မတော်သည် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ရာ၌ ပြည်သူမှပေါက်ဖွားသော တပ်မတော်သားများ ဖြစ်သည်နှင့်အညီ နိုင်ငံနှင့်လူမျိုးအတွက် ပေးဆပ်ခဲ့ကြရသည်။ ထိုသို့ပေးဆပ်မှုများတွင် တပ်မတော် ဆေးရုံနှင့် ဆေးတပ်ဖွဲ့တို့လည်း ပါဝင်ခဲ့ကြသည်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ ရေးကို ဦးလည်မသုန် ကြိုးပမ်းဆောင်ရွက်နေကြသော တပ်မတော်သားများနှင့် မိသားစုဝင်များ၊ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိပါက ကုသရေးပိုင်း တွင် တပ်မတော်ဆေးတပ်ဖွဲ့သည် အဓိကအခန်း ကဏ္ဍတွင် အရေးပါလျက်ရှိသည်။ ကိုယ်ခန္ဓာ ကျန်းမာရေးနှင့် ထိခိုက်ဒဏ်ရာရရှိမှုတို့တွင် ကုသရေးပိုင်းသည် အရေးကြီးလျက်ရှိရာ အထူးသဖြင့် အရိုး၊ အသား၊ သွေးကြောတို့ဖြင့်ဖွဲ့စည်း ထားသော လူ့ခန္ဓာကိုယ်တွင်း၌ အရိုးသည် သွားလာ လှုပ်ရှားမှုအတွက် အထူးအရေးပါလျက်ရှိသည်။

 

ကမ္ဘာ့နိုင်ငံတိုင်းတွင် နိုင်ငံအတွက် တပ်မတော်များဖွဲ့စည်းထားရှိပြီး တပ်မတော်အသီးသီးတွင် တပ်မတော်ဆေးရုံနှင့် ဆေးတပ်ဖွဲ့ကိုယ်စီ ထားရှိကြသည်။ ခေတ်မီနည်းပညာ ဖွံ့ဖြိုးတိုးတက်လာသော အိုင်တီခေတ်တွင် တီထွင်ထုတ်လုပ်သော လက်နက်များနည်းတူ ဆေးပညာသည်လည်း တစ်နေ့ထက်တစ်နေ့ ခေတ်မီတိုးတက်လျက်ရှိသည်။ ယနေ့ ကမ္ဘာသည် နည်းပညာဖြင့် အပြိုင်ရှင်သန်နေသောကြောင့် အမိနိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုတွင် တီထွင်ကြံဆမှုများ အထူးလိုအပ်သည့်နည်းတူ ကျန်းမာရေးကဏ္ဍတွင် သုတေသနလုပ်ငန်းသည် အထူးလိုအပ်လျက်ရှိသည်။ အထူးသဖြင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတွင် တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ဆိုစကားနှင့်အညီ တပ်မတော်အင်အားရှိရန်လိုအပ်သည်။ ထို့ကြောင့် ပြည်သူနှင့် တပ်မတော်သားများ၊ မိသားစုဝင်များ၏ ကျန်းမာရေးနှင့် ထိခိုက်ဒဏ်ရာကုသမှုတို့သည် အရေးပါလျက်ရှိသည်။ ထိခိုက်ဒဏ်ရာရရှိပါက မြန်ဆန်စွာကုသနိုင်မှုသည် ပြန်လည်တာဝန် ထမ်းဆောင်ရန် အထောက်အပံ့ ဖြစ်စေလျက်ရှိရာ ကုသရေးပိုင်းတွင် ခေတ်မီနည်းပညာနှင့် ကုသရေး ပိုင်းဆိုင်ရာ ပညာရပ်များစွာ အစဉ်လိုအပ်နေမည် ဖြစ်သည်။

 

ထို့ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တပ်မတော်ဆေးတက္ကသိုလ် ဆေးပညာဘွဲ့ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၀) သင်တန်းဆင်း မိန့်ခွန်းတွင် “တိုက်ပွဲဝင်စစ်သည်တိုင်း ကျန်းမာ ကြံ့ခိုင်ပြီး စိတ်ဓာတ်မြင့်မားနေမှသာ နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင် မှာဖြစ်ပြီး ရဲဘော်တို့လို အရာရှိဆရာဝန်တွေရဲ့ ကျွမ်းကျင်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေဟာ နိုင်ငံတော် ကာကွယ်ရေးစွမ်းပကား မြင့်မားရေး အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြု လျက်ရှိတယ်ဆိုတာကို ရဲဘော်တို့ သိရှိနားလည် ထားဖို့ လိုမှာဖြစ်တယ်”ဟူ၍ လမ်းညွှန်မိန့်ကြား ခဲ့ခြင်းဖြစ်သည်။ ထိုသို့ လမ်းညွှန်မှုနှင့်အညီ (၂၉) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာ နှီးနှောဖလှယ်ပွဲကြီးကို ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်- ၅၀၀) တွင် မေလ ၉ ရက်မှ ၁၁ ရက်နေ့အထိ ပြည်ပမှ အရိုးရောဂါဆိုင်ရာ ပါရဂူများကိုယ်တိုင် ဆွေးနွေး ပို့ချမှုဖြင့် တပ်မတော်ဆေးတပ်ဖွဲ့သည် အရိုးရောဂါ ဆိုင်ရာကုသရေးတွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်း ကုသနိုင်မည့် ဆေးတပ်ဖွဲ့၏ဂုဏ်ကို ပြသနိုင်ခဲ့ပြီဖြစ်သည်။

 

ဆက်လက်ဖော်ပြပါမည်