နေပြည်တော်၊ ၅ ဖေဖော်ဝါရီ
တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများကို တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့များဖြင့် နိုင်ငံအဝန်း၌ အစဉ်အဆက် ကူညီဆောင်ရွက်ပေး လျက်ရှိသည်။ လက်ရှိ နိုင်ငံရေးပြောင်းလဲမှုအခြေအနေများအရ တိုင်းရင်းသားပြည်သူများအနေဖြင့် ဆေးဝါးကုသမှုခံယူရန်အခက်အခဲများ ဖြစ်ပေါ်လာပါက နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ ဆက်သွယ် ဆေးကုသမှုခံယူနိုင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။
ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ရှိ တပ်မတော်ဆေးရုံသို့ သံဃာတော် ၂ ပါးနှင့် ဒေသခံပြည်သူ ၃၃ ဦးတို့ကလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ နယ်မြေခံ တပ်ရင်း၌ ဖွင့်လှစ်ထားရှိသည့် ယာယီအရေးပေါ်ကုသရေးဆေးရုံသို့ ဒေသခံပြည်သူ ၄၃ ဦးက လည်းကောင်း လာရောက်ဆေးဝါးကုသမှုများခံယူကြရာ တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခွဲစိတ် လူနာများအား ခွဲစိတ်ကုသပေး ခြင်း၊ ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သောလူနာများကို ဆေးရုံတင်ကုသခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး လူနာများနှင့် လူနာစောင့်များနေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ ဆေးကုသမှုခံယူရန် အခက်အခဲများ ဖြစ်ပေါ်လာပါက တိုင်းစစ်ဌာနချုပ်အသီးသီးရှိ နီးစပ်ရာတပ်မတော်ဆေးရုံများတွင် လာရောက် ဆေးကုသမှုခံယူနိုင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်


