နေပြည်တော်၊ ၁၁ ဒီဇင်ဘာ
တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၁) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် အဆိုပါ တပ်မတော်ဆေးတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်၍ သင်တန်းဆင်း မိန့်ခွန်းပြောကြားသည်။
အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း၊ ကာ ကွယ် ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် မင်္ဂလာဒုံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကို ခံယူပြီး တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၁)မှ အောင်စစ်သည် ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၅၄၇၁ ဗိုလ်လောင်း ပြည့်ဖြိုးဝင်း၊ လေ့ကျင့်ရေးထူးချွန်ဆု ရရှိသူ ဗိုလ်လောင်းအမှတ် ၅၄၆၀ ဗိုလ်လောင်း ဇေယျာမင်းလွင်၊ စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်း အမှတ် ၅၄၈၁ ဗိုလ်လောင်း လင်းပြည့်ဖြိုးတို့အား ဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းဆင်းမိန့်ခွန်းပြောကြားပြီးနောက် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။
စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်ဆေးတက္ကသိုလ် ဧည့်ခန်းမဆောင်၌ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၁) မှ ထူးချွန်ဆု ရရှိကြသည့် ဗိုလ်လောင်းများကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဉီးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်


