နေပြည်တော် ဇူလိုင် ၁၇
စစ်မြေပြင်ဆိုင်ရာ အတွေ့အကြုံများ ဖလှယ်ရေးအတွက် လေ့ကျင့်ဆောင်ရွက်သည့် မြန်မာ-ရုရှား ကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့များ စုပေါင်းလေ့ကျင့်ခန်း MYANMAR-RUSSIA JOINT EXERCISE(TIGER-2026) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိ တပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း လေ့ကျင့်ရေးနယ်မြေ၌ ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ လေ့ကျင့်ခန်းသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ တက်ရောက်ကြပြီး ရုရှားတပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး NOSULEV Mikhail Yakovlevich ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် လေ့ကျင့်ခန်းပြုလုပ်မည့် ရှုရပ်နေရာသို့ရောက်ရှိရာ တာဝန်ရှိသူများက လေ့ကျင့်ခန်းဆိုင်ရာ ပေါင်းစပ်ဆောင်ရွက်မည့် အစီအမံ များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုတို့ကို ကြည့်ရှုပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် မြန်မာ - ရုရှား ပူးပေါင်းအဖွဲ့များက လေ့ကျင့်ခန်း အစီအစဉ်များအတိုင်း ပြုလုပ်ကြရာ Drone အဖွဲ့က ရန်သူ့နယ်မြေအတွင်း ကင်းထောက် Drone ဖြင့် ကင်းထောက်ခြင်း၊ စီးနင်းတိုက်ခိုက် ရေးအဖွဲ့များက ရဟတ်ယာဉ်ဖြင့် ယာဉ်ဆင်းရပ်သို့ ဆင်းသက်ခြင်း၊ Sniper အဖွဲ့က ရန်သူ့အဖွဲ့ငယ် နေရာများအား စနိုက်ပါဖြင့် ပစ်ခတ်ခြင်း၊ FPV၊ Heavy Drone တို့ဖြင့် ကြိုတင်ချေမှုန်းခြင်း၊ တိုက်စစ် စီမံချက်ပါအတိုင်း လေ့ကျင့်ခြင်းတို့ ဆောင်ရွက်ခြင်း၊ ရည်မှန်းချက်အသီးသီးသို့ တိုက်ပွဲလုပ်ငန်း အဆင့်အလိုက် ထိုးဖောက် ဝင်ရောက်၍ ရန်သူကိုချေမှုန်း တိုက်ခိုက်ပြီး ရည်မှန်းချက် အသီးသီးကို သိမ်းပိုက်ခြင်းများ ဆောင်ရွက်၍ လေ့ကျင့်ခန်းပြီးဆုံးခဲ့သည်။
ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တက်ရောက်လာကြ သူများသည် မြန်မာ-ရုရှား ကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့များ စုပေါင်းလေ့ကျင့်ခန်း MYANMAR – RUSSIA JOINT EXERCISE( TIGER – 2026) လေ့ကျင့်ခန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင် လေ့ကျင့်ဆောင်ရွက်ခဲ့မှု Video Click အား ကြည့်ရှုကြသည်။ ၎င်းနောက် လေ့ကျင့်ခန်း အောင်မြင်စွာ ဆောင်ရွက်ခဲ့ခြင်း အထိမ်းအမှတ်အဖြစ် Quadcopter Drone နှစ်စင်းဖြင့် မြန်မာနှင့် ရုရှား နှစ်နိုင်ငံအလံများအား ချိတ်ဆွဲ၍ ဂုဏ်ယူဝင့်ကြွားစွာ သယ်ဆောင် ပျံသန်းချီတက်ကြသည်။
ယင်းနောက် လေ့ကျင့်ခန်းတွင် ပါဝင်လေ့ကျင့်ခဲ့သည့် တပ်ဖွဲ့ဝင်များအား မြန်မာ -ရုရှား ကြည်းတပ် နှစ်ရပ်အကြား တပ်ဖွဲ့များစုပေါင်း လေ့ကျင့်ခန်း လက်တွေ့ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းနှင့်ပတ်သက်၍ ရုရှားတပ်မတော် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ် ကြီး NOSULEV Mikhail Yakovlevich က ဂုဏ်ပြုအမှာ စကားပြောကြားရာတွင် မိမိတို့ နိုင်ငံများကြား ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့်မှတ်တိုင် တစ်ခုဖြစ်သော မြန်မာ-ရုရှား ကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့များစုပေါင်း လေ့ကျင့်ခန်းကို အောင်အောင်မြင်မြင် ပြီးဆုံးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အတွေ့အကြုံများ အပြန်အလှန် နှီးနှောဖလှယ်ခြင်း၊ ဆွေးနွေးသုံးသပ်ခြင်း၊ လက်တွေ့လေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်းများကို ဆောင်ရွက်ကြကာ အပြန်အလှန် လေးစားယုံကြည်မှုများဖြင့် ပူးပေါင်းဆောင်ရွက်မှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း။
အတူတကွ လက်တွဲလုပ်ဆောင် ခွင့်ရခဲ့ခြင်း၊ အကောင်းဆုံး လက်တွေ့လုပ်ဆောင်ချက်များကို အပြန်အလှန်သင်ယူခွင့်ရခဲ့ပြီး ထိရောက်သည့် ဖြေရှင်းနည်းများကို အတူတူရှာဖွေနိုင်ခဲ့ခြင်းများ သည် များစွာတန်ဖိုးရှိပါကြောင်း၊ ယခုရရှိခဲ့သည့် အသိပညာနှင့် အတွေ့အကြုံများကို နောင်များ တွင်လည်း အောင်အောင်မြင်မြင် ပြန်လည်အသုံးချနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ယခု တည်ဆောက်နိုင်ခဲ့သည့် ချစ်ကြည်ရင်းနှီးမှုနှင့် လုပ်ငန်းဆိုင်ရာ ဆက်သွယ်မှုများသည်လည်း ဆက်လက်ပြီး ခိုင်မြဲနေမည်ဖြစ်ကြောင်း။
ကျွမ်းကျင်မှုအပြည့်နှင့် တာဝန်သိစိတ်ရှိရှိ အကျိုးရှိရှိ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသော တက်ရောက်လာကြသည့် အကြီးအကဲများ၊ နည်းပြများ၊ တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအားလုံး ကို လှိုက်လှိုက်လှဲလှဲ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ-ရုရှား ကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့များ စုပေါင်းလေ့ကျင့်မှုများသည် ရှေ့ဆက်၍လည်း ပိုမိုခိုင်မာ လာမည်ဖြစ်သကဲ့သို့ နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် မိတ်ဖက်အဖြစ် ဆောင်ရွက်မှုများနှင့် မိမိတို့နိုင်ငံ များကြား ဆက်ဆံရေးပိုမိုတိုးတက်ရန် အခွင့်အလမ်းသစ်များကို ဖော်ဆောင်ပေးနိုင်မည်ဟု အပြည့် အဝယုံကြည်ပါကြောင်း၊ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်ကြီးကို ပိုင်ဆိုင်နိုင်ကြပါစေ ကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယနေ့ပြုလုပ်သည့် လေ့ကျင့်ခန်းသည် မြန်မာ့တပ်မတော်အထူးတပ်ဖွဲ့နှင့် ရုရှား တပ်ဖွဲ့များပူးပေါင်းပြီး ရန်သူ့လှုပ်ရှားနယ်မြေအတွင်း အခိုင်အမာခြေကုပ်ယူထားသော အချက်အချာကျသည့် ရန်သူ့တောင်ကုန်းကို တိုက်ခိုက်ချေမှုန်းသည့် တပ်ပါ တိုက်စစ် လေ့ကျင့်ခန်းတစ်ခုဖြစ်ကြောင်း၊ ရန်သူအခြေပြုထားသည့် ပင်မတောင်ကုန်းနှင့် ရန်သူများ ဖြန့်ခွဲတည်ရှိသော နေရာများကို UAV၊ Drone၊ Sniper များ အသုံးပြု ပြီး အထူးတပ်ဖွဲ့များဖြင့် ချေမှုန်း တိုက်ခိုက်ခြင်းပင်ဖြစ်ကြောင်း။
လေ့ကျင့်ခန်းတွင် မြန်မာ့တပ်မတော်ကာကွယ်ရေးပစ္စည်း စက်ရုံများမှ ထုတ်လုပ်သည့် စစ်လက်နက် ပစ္စည်းများနှင့် ရုရှားတပ်မတော်က လက်ရှိအသုံးပြုလျက်ရှိသည့် နည်းပညာ မြင့်မားသည့် စစ်လက်နက်ပစ္စည်းများကိုပေါင်းစပ်ပြီး အသုံးပြုတိုက်ခိုက်ကြသည်ကို တွေ့မြင်ရသည့်အတွက် လေ့ကျင့်ခန်းတွင် ကိုယ်တိုင်ပါဝင် လေ့ကျင့်သည့် တပ်ဖွဲ့ဝင်များနှင့်မိမိတို့ ကြည့်ရှု လေ့လာသူများအတွက် များစွာအကျိုးရှိစေကြောင်း၊ ထို့အပြင် မိမိတို့၏အထူးတပ်ဖွဲ့ဝင်များနှင့် ရုရှား တပ်ဖွဲ့များအားလုံး စစ်မြေပြင်တွင် ရဲဘော်ရဲဘက်စိတ် ပြည့်ဝစွာဖြင့် ဟန်ချက်ညီစွာ လှုပ်ရှားတိုက်ပွဲ ဝင်နေသည့် ပုံရိပ်ကိုလည်း တွေ့မြင်ခံစားရမိပါကြောင်း။
တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ဆင်ရေး နယ်မြေအတွင်းမှ ဒဏ်ရာရရှိသူ တပ်ဖွဲ့ဝင်များကိုလည်း ရန်သူ့ပစ်ခတ်မှုအောက် အန္တရာယ်ရှိသည့် တိုက်ပွဲနယ်မြေအတွင်းမှ ကယ်ထုတ်ရန်အတွက် မောင်းသူမဲ့ Robotic သူနာတင်ယာဉ်ဖြင့် အချိန်မဆိုင်းဘဲ လျင်မြန်စွာလှုပ်ရှား၍ ရွှေ့ပြောင်း သယ်ယူဆောင်ရွက်ပုံကိုလည်း လေ့လာတွေ့မြင်ရကြောင်း၊ အလားတူ ယနေ့ခေတ်သစ်စစ်ပွဲ တစ်ခု၏ အသွင်သဏ္ဌာန်ဖြစ်သည့် မျက်မှောက်ခေတ် စစ်မြေပြင်တွင် ရန်သူထိခိုက်ကျဆုံးမှု များပြားအောင် ထိရောက်စွာချေမှုန်းနိုင် သည့် Drone၊ FPV များ၏ စွမ်းဆောင်ရည်နှင့် အသုံးပြုတိုက်ပွဲဝင်ပုံကိုလည်း လေ့လာကြည့်ရှုခွင့်ရရှိခဲ့ကြောင်း။
မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးမှုက ရှေးနှစ်ပေါင်းများစွာမှ ယခုအထိ တိုးတက်ခိုင်မြဲလျက်ရှိကြောင်း၊ မိမိတို့နှစ်နိုင်ငံ ဆက်ဆံရေးသည် ရင်းနှီးနွေးထွေးစွာဖြင့် တန်ဖိုးထား ထိန်းသိမ်းခဲ့ရာမှာ ယနေ့အထိဖြစ်ကြောင်း၊ နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုများသည်လည်း နှစ်စဉ် တိုးတက်လျက်ရှိပြီး နှစ်ဖက်တပ်မတော်အကြီးအကဲများနှင့် အဆင့်မြင့် အရာရှိကြီးများ၏ အပြန်အလှန်ခရီးစဉ်များ လည်ပတ်လျက်ရှိကြောင်း။
ရုရှားတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့အကြား လေ့ကျင့်ခန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို လေ့လာကြည့်မည်ဆိုပါက ၂၀၂၀ ပြည့်နှစ် ရုရှားနိုင်ငံတွင် ပြုလုပ်ခဲ့သော Caucasus 2020 (Kavkaz)နိုင်ငံတကာ စစ်ရေး လေ့ကျင့်ခန်း၊ ၂၀၂၃ ခုနှစ် ရုရှားနိုင်ငံ အရှေ့ပိုင်း ဗလာဒီဗော့စတော့ခ်မြို့တွင် ပြုလုပ်သည့် အာဆီယံအပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက် ရေးဆိုင်ရာ ကျွမ်းကျင်မှုလုပ်ငန်းအဖွဲ့ မြေပြင်လက်တွေ့လေ့ကျင့်ခန်း၊ နိုင်ငံစုံပါဝင်လေ့ကျင့်သည့် Army Game ပြိုင်ပွဲများ၊ နှစ်နိုင်ငံ ဗိုလ်လောင်းများ၏ အားကစား ပြိုင်ပွဲများ စသည့် ကဏ္ဍမျိုးစုံတွင် မြန်မာ့တပ်မတော်က ပူးပေါင်းပါဝင်ခဲ့ပြီး နိုင်ငံတကာ အတွေ့အကြုံများစွာကို ရရှိစေခဲ့ပါကြောင်း၊ ၎င်းအတွေ့အကြုံများသည် မိမိတို့ မြန်မာ့တပ်မတော်၏ ခေတ်မီတပ်မတော် Standard Army တည်ဆောက်ရေးအတွက် စွမ်းရည်မြှင့်တင်ရာတွင် အထောက်အကူများစွာ ဖြစ်စေပါကြောင်း။
ယခုပြုလုပ်သည့် MYANMAR-RUSSIA JOINT EXERCISE (TIGER-2026) လေ့ကျင့်ခန်းသည် မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော် ကြည်းတပ်များအကြား ပထမဆုံးအကြိမ် ပူးတွဲလေ့ကျင့်ခန်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လေ့ကျင့်ခန်းတွင် အသုံးပြုရန် ရုရှားနိုင်ငံက ယူဆောင်လာသည့် စစ်လက်နက်ပစ္စည်းများကို လက်တွေ့ကိုင်တွယ်လေ့ကျင့် အသုံးပြုခွင့်ရရှိခဲ့ခြင်းကလည်း နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြားတွင်ရှိသည့် ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုနှင့် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုပြီး နက်ရှိုင်းစေမည်ဖြစ်ကြောင်း။
ယနေ့ပြုလုပ်သည့် လေ့ကျင့်ခန်းတွင် ပူးပေါင်းပါဝင်လေ့ကျင့်ခဲ့သော နှစ်နိုင်ငံမှ တပ်ဖွဲ့ဝင်များ အားလုံးနှင့် လေ့ကျင့်ခန်း အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် ပေးကြသည့် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်စလုံးမှ တာဝန်ရှိသူအရာရှိ၊ စစ်သည်များအားလုံးကို အသိ အမှတ်ပြုပါကြောင်းနှင့် ယခု လေ့ကျင့်ခန်းမှရရှိသည့် အတွေ့အကြုံကောင်းများနှင့် ချစ်ကြည် ရင်းနှီးမှုများသည် မြန်မာ-ရုရှား တပ်မတော်နှစ်ရပ်အကြား ရေရှည်တည်တံ့ခိုင်မြဲသော ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ပေးနိုင်မည့်အပြင် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား တိုးတက်ကောင်းမွန်သော အကျိုးရလဒ်ကောင်းများကို ဖန်တီးနိုင်မည်ဖြစ်ကြောင်းနှင့် လေ့ကျင့်ခန်း တွင် ပါဝင်လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည့် မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော်သားများ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားတပ်မတော် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်တို့သည် အထိမ်းအမှတ်တံဆိပ်နှင့် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ် ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့ကြသည့် တပ်ဖွဲ့ များအတွက် သစ်သီးခြင်းများ လက်ဆောင်ပေးအပ်သည်။
ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရုရှားတပ်မတော်မှ တပ်ဖွဲ့ဝင်များနှင့်အတူ မြန်မာ-ရုရှား ကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့များ စုပေါင်းလေ့ကျင့်ခန်း MYANMAR-RUSSIA JOINT EXERCISE (TIGER-2026) အောင်မြင်စွာပြီးစီးမှု အထိမ်းအမှတ် အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ရုရှားတပ်မတော် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး NOSULEV Mikhail Yakovlevich နှင့် တပ်ဖွဲ့ ဝင်များအား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
ဂုဏ်ပြုနေ့လယ်စာ သုံးဆောင်နေစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ပြည်သူ့ဆက်ဆံရေး နှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီ တေးဂီတအဖွဲ့နှင့် ရုရှားအနုပညာ ရှင်များက ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ နေ့လယ်စာသုံးဆောင်အပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် ရုရှားတပ်မတော် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်တို့သည် သီဆိုဖျော်ဖြေခဲ့ကြသည့် အနုပညာရှင်များအား ဂုဏ်ပြု ပန်းခြင်းများ ပေးအပ်ခဲ့ကြသည်။
အဆိုပါ မြန်မာ - ရုရှား ကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့များ စုပေါင်းလေ့ကျင့်ခြင်းကို ဇူလိုင်လ ၆ ရက်နေ့မှ စတင်၍ ဥတ္တရသီရိတပ်နယ်ရှိ နယ်မြေခံ သင်တန်းကျောင်း၊ အထူးတပ်ဖွဲ့ လေ့ကျင့်ရေးကွင်း၌ မြန်မာတပ်ဖွဲ့ဝင်များနှင့် ရုရှားတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စတင်ဖွင့်လှစ်ဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး အင်ဂျင်နီယာ၊ ဒရုန်း၊ စနိုက်ပါ၊ ဆေး၊ ဆက်သွယ်ရေး၊ တောတွင်းစစ်ဆင်ရေး၊ တောင်ပေါ်စစ်ဆင်ရေး စသည့် ဘာသာရပ်များနှင့် စစ်မြေပြင် အတွေ့အကြုံများကို ရုရှားနည်းပြ များနှင့် မြန်မာနည်းပြများက စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားပေးခဲ့ပြီး ယနေ့တွင် လက်တွေ့သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ရုရှားတပ်မတော်မှ နည်းပြများနှင့် လေ့ကျင့်ခန်းတွင်ပါဝင် ဆောင်ရွက်ခဲ့ကြသည့် တပ်ဖွဲ့ဝင် များသည် မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိနေစဉ်အတွင်း နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုခြင်း၊ တပ်မတော် စစ်သမိုင်းပြတိုက်နှင့် အခြားအထင်ကရ နေရာများသို့ သွားရောက်လေ့လာခြင်း၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရေးအားကစား ပြိုင်ပွဲများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


