နေပြည်တော် မတ် ၂၅
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ရိုဟေး ဆာဆာကာဝါ အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထို့သို့တွေ့ဆုံရာတွင် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌအနေဖြင့် ရခိုင်ပြည်နယ်အတွင်း သွားရောက်ကြည့်ရှုလေ့လာ ခဲ့ပြီး အခြေအနေမှန်များအား တွေ့ရှိခဲ့ရမှု၊ ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးများ ရောင်းဝယ်နေမှုနှင့် ဖမ်းဆီးနှိမ်နင်းဆောင်ရွက်နေမှု၊ ဂျပန်နိုင်ငံမှ မွန်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဆက်လက်ကူညီဆောင်ရွက်ပေးမည့် အခြေအနေများ၊ တပ်မတော်မှ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်နေမှု အခြေအနေများနှင့် ဂျပန်နိုင်ငံမှ ကူညီဆောင်ရွက်ပေးနေသည့် အခြေအနေများအား ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)


