နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့သားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) နှင့် သီလဝါ ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော် ဇန်နဝါရီ ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁)၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ မြန်မာ့သားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) နှင့် သီလဝါဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုန် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့သားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) သို့ ရောက်ရှိကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်နိုင်ဦးတို့က ၂၀၂၂ ခုနှစ် မေလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ အိမ်ရာတည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်လျက်ရှိမှု၊ စစ်မှုထမ်းဟောင်းများအား နေရာချထားပေးမှုနှင့် ဆက်လက်နေရာချထားပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှု၊ မူကြိုကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း တည်ဆောက်ရန်လျာထားမှုနှင့် လက်ရှိတက်ရောက်နေမှု၊ အားကစားကွင်းများနှင့် ကလေးကစားကွင်းများ ထည့်သွင်းဆောင်ရွက်ပြီးစီးမှု၊ ရေနှင့် လျှပ်စစ်မီးပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် လုံလောက်မှုရှိစေရေး ဆောင်ရွက်ထားရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အိမ်ရာဆောင်ရွက်ခဲ့မှု သမိုင်းကြောင်းနှင့် မြေအသုံးချမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ့သားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) အား စစ်မှုထမ်းဟောင်းမြို့အဖြစ် တည်ဆောက်နေခြင်းဖြစ်ပြီး ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့် စံပြုအိမ်ရာ တစ်ခုအဖြစ် ရည်မှန်းဆောင်ရွက်သွားရန်လိုကြောင်း၊ အိမ်ရာအတွင်း လိုအပ်သည့် လျှပ်စစ်ဓာတ်အားရရှိစေရေးအတွက် စီမံကိန်းလိုအပ်ချက်နှင့် ကိုက်ညီသည့် ဆိုလာလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းတစ်ခုကိုလည်း စနစ်တကျ တွက်ချက်၍ ထည့်သွင်းဆောင်ရွက်သွားရန်လိုကြောင်း၊ အိမ်ရာများ ဆောက်လုပ်ရာတွင် မြေကိုအကျိုးရှိရှိနှင့် အကွက်ကျကျ အသုံးချနိုင်ရေး စနစ်တကျ တွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း၊ လက်ရှိအချိန်အထိ အိမ်ရာဝင်းတစ်ခုအတွင်း၌ပင် အိမ်ခန်းပေါင်း ၄၀၀၀ ကျော်ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မြို့ငယ်တစ်မြို့ကဲ့သို့ ဖြစ်လာပြီဖြစ်၍ လိုအပ်သည်များ ဖြည့်ဆည်းပေးရန်လိုကြောင်း ပြောကြားပြီး အခြားလိုအပ်သည်များကို မှာကြားသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်းအိမ်ရာအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး အိမ်ရာသန့်ရှင်းသာယာလှပရေး၊ ရေသွင်းရေထုတ်စနစ်များ စနစ်တကျဖြစ်စေရေးအတွက် တာဝန်ရှိသူများကို မှာကြား၍ အိမ်ရာတွင် နေထိုင်လျက်ရှိသည့် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့သားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) အနီး ဘုရင့်နောင်လမ်းနှင့် အမှတ် (၇) လမ်းထောင့်နေရာတွင် တည်ဆောက်လျက်ရှိသည့် Shopping Complex လုပ်ငန်းခွင်သို့ရောက်ရှိရာ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် (အငြိမ်းစား) နှင့် တည်ဆောက်ရေးဆိုင်ရာ တာဝန်ရှိသူတို့က စီမံကိန်းအကောင်အထည်ပေါ်ပေါက်ခဲ့မှု၊ စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ရာနှုန်းပြည့်ပြီးစီးပါက မြင်တွေ့ရမည့်ပုံစံများ၊ အဓိကကျသည့် လုပ်ငန်းကြီးများ ဆောင်ရွက်ပြီးစီးမှုနှင့် သတ်မှတ်ကာလအတွင်း တည်ဆောက်ပြီးစီးမှုရှိစေရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်ခဲ့မှု မှတ်တမ်းများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခု Shopping Complex ကိုဒဂုံမြို့သစ် (တောင်ပိုင်း) နေ ပြည်သူများနှင့် မြန်မာ့သားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) တွင် နေထိုင်သူများ၏ လူနေမှုအဆင့်မြှင့်တင်နိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊ ရေ၊ မီးစနစ်များ အသုံးပြုရန်အတွက် လိုအပ်သည့် လျှပ်စစ်မီးအချိန်ပြည့်ရရှိစေရေး Roof Top တွင် ဆိုလာပြားတပ်ဆင်ရန်နှင့် စီမံကိန်းမြေနေရာ၏ အခြားမြေလွတ်နေရာများတွင်လည်း ဆိုလာလျှပ်စစ်ဓာတ်အားပေးစနစ် တပ်ဆင်အသုံးပြုနိုင်ရေး ဆောင်ရွက်သွားရန် လိုကြောင်း၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် ကြီးမြန်သစ်ပင်များ၊ အရိပ်ရ လေကာပင်များကိုလည်း ယခုကတည်းကပင် စနစ်တကျဖြင့် စိုက်ပျိုးသွားရန်လိုကြောင်း၊ ရေထုတ်စနစ်များ ကောင်းမွန်စေရေးအတွက်လည်း တွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့အတွင်းရှိ လမ်းများအနေဖြင့်လည်း လမ်းနယ်များ စနစ်တကျရှိရမည်ဖြစ်ပြီး ရေဝင်ရေထွက်စနစ်များ ကောင်းမွန်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားပြီး လုပ်ငန်းခွင်အတွင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။
သွားရောက်ကြည့်ရှုစစ်ဆေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောက်တန်းမြို့နယ် ရန်ကုန်မြစ်နှင့် မှော်ဝန်းချောင်းကြားနေရာရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား မွေးမြူရေးဇုန်ရှင်းလင်းဆောင်၌ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးညိုစော၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးနှင့် တာဝန်ရှိသူများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် နှင့် ၂၆ မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်၊ တွံတေးမြို့နယ်ရှိ ရွှေမုယင်းငါးကန်နှင့် ငွေပင်လယ် မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ငွေပင်လယ်အသားတိုးနွား မွေးမြူရေးလုပ်ငန်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ထွက်ရှိလာသည့် သား၊ ငါးများနှင့် ဥအမျိုးမျိုးတို့အား သက်သာသောဈေးနှုန်းများဖြင့် ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချနိုင်မှု၊ အအေးခန်း စက်ရုံ (လှိုင်သာယာ) ၏ လုပ်ငန်းဆောင်ရွက်လျက်ရှိမှု၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ စွန်ရဲအင်းမွေးမြူရေးဇုန်၌ နို့စားနွား၊ အသားတိုးနွား၊ ဥစားကြက်၊ ဆိတ် မွေးမြူနိုင်ရေးဆောင်ရွက်လျက်ရှိမှုနှင့် အစာစပ်စက်ရုံ တည်ဆောက်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်နေခြင်းဖြစ်
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးဇုန်များ ဖော်ဆောင်၍ ဆောင်ရွက်လျက်ရှိခြင်းသည် ဒေသတွင်း အသား၊ ငါးနှင့် ရာသီ သီးနှံ ဖူလုံမှုရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေ ခုနစ် သန်းကျော်ရှိပြီး စားရေးဖူလုံမှုရှိစေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း စက်ရုံ၊ အလုပ်ရုံများစွာရှိပြီး လူဦးရေများပြားစွာရှိနေခြင်းကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအား မျှတစေရန်နှင့် အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ အသား၊ ငါး နှင့် ရာသီသီးနှံများ ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မွေးမြူရေးဇုန်၊ မွေးမြူရေးစခန်းများ၌သာမက ကျေးရွာအလိုက် တစ်ပိုင်တစ်နိုင် မွေးမြူရေးသည်ပင် စနစ်ကျနသည့် မွေးမြူရေးလုပ်ငန်းများဖြစ်ရန်လိုပြီး အထွက်နှုန်းများကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မွေးမြူရေး အစာကုန်ကြမ်းများ မပြတ်ရရှိရေးကိုလည်း စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ ဟင်းသီးဟင်းရွက်များ ဖူလုံစွာထုတ်လုပ် နိုင်ရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ အခြေခံစားကုန်များကို များများထုတ်လုပ် နိုင်မှသာလျှင် ကုန်ဈေးနှုန်းကြီးမြင့်မှုများသည်လည်း လျော့ကျလာမည်ဖြစ်သဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း။
အမြဲမပြတ်လေ့လာ၍ အတုယူဆောင်ရွက်
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိရိုးဖလာ သမားရိုးကျနည်းလမ်းများဖြင့် မွေးမြူခြင်းထက် စနစ်ကျနသည့် စိုက်ပျိုးမွေးမြူရေးဖြစ်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် အောင်မြင်နေသည့်နိုင်ငံများ၏ စိုက်ပျိုးရေးနည်းလမ်းများ၊ မွေးမြူရေးနည်းလမ်းများကိုလည်း အမြဲမပြတ်လေ့လာ၍ အတုယူဆောင်ရွက်ကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
ခင်းကျင်းပြသထားမှုများ ကြည့်ရှု
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်တွင် မွေးမြူထားရှိသည့် ငါးအမျိုးအစားနမူနာ ပြသထားရှိမှုများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ ခင်းကျင်းပြသထားမှုများကို ကြည့်ရှုသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်