နေပြည်တော် ၁၈ သြဂုတ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ The Mound of Glory တွင် ကျင်းပပြုလုပ်သည့် International Army Games-2019 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည် Patriot Part တွင် ခင်းကျင်းပြသထားသည့် House of Friendship ပြခန်းများမှ မြန်မာနိုင်ငံဆိုင်ရာပြခန်းသို့ ရောက်ရှိကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Amry General Sergei Shoigu နှင့် အဖွဲ့ဝင်များအား ကြိုဆို နှုတ်ဆက်ကာ မြန်မာနိုင်ငံဆိုင်ရာ ပြခန်းနှင့်ပတ်သက်၍ ရှင်းလင်းပြသသည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် International Army Games-2019 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော်မှ တင့် တပ်ဖွဲ့ပြိုင်ပွဲဝင်များနှင့် ယဉ်ကျေးမှုအဖွဲ့များကို တွေ့ဆုံအားပေးစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် ရုရှားနိုင်ငံ၊ ဘီလာရုစ်နိုင်ငံ၊ ကာဇက်စတန်နိုင်ငံနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့မှ တင့်တပ်ဖွဲ့ ဝင်များ၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ပြိုင်ပွဲတွင် ရုရှားနိုင်ငံ တင့်တပ်ဖွဲ့ဝင်များက စံချိန် ၁ နာရီ ၃၃ မိနစ် ၂၀ စက္ကန့်ဖြင့် ပထမနေရာမှ ပန်းဝင်ခဲ့ကြောင်း သိရသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးတို့သည် Patriot Part ဧည့်ခန်းမဆောင်၌ သီးခြားတွေ့ဆုံ၍ International Army Games-2019 တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အခြေအနေများနှင့် နောက်နှစ်များတွင်လည်း ဆက်လက်ပါဝင်ယှဉ်ပြိုင်သွားမည့်ကိစ္စ၊ ယခုကဲ့သို့ ပြိုင်ပွဲများ ကျင်းပခြင်းဖြင့် စစ်မက်ပဋိပက္ခ ဖြစ်ပွားမှုမရှိဘဲ ကာကွယ်ရေးစွမ်းရည်ကို ပြသနိုင်သည့်အတွက် ကမ္ဘာ့နိုင်ငံများ၏ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နေမှုကို ဖော်ပြနေသည့်် အခြေအနေ၊ မြန်မာနိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်မြှင့်တင်ရေးဆောင်ရွက်မှုများတွင် ကူညီဆောင်ရွက်သွားမည့် အခြေအနေများနှင့် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် International Army Games-2019 ပိတ်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ဂုဏ်ပြုကြပြီး ရုရှားကာကွယ်ရေးဝန်ကြီးမှ တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ကြသည်။
ဂုဏ်ပြုညစာစားပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးက International Army Games-2019 ပြိုင်ပွဲ အောင်မြင်မှုရရှိအောင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် ပြိုင်ပွဲဝင်နိုင်ငံများမှ စစ်ဘက်ဆိုင်ရာ အကြီးအကဲများအား “Army Game အောင်မြင်ဖြစ်မြောက်အောင် ပါဝင်ကူညီမှုအတွက် ရုရှားကာကွယ်ရေးဝန်ကြီးမှ ချီးမြှင့် သည့် ဆုတံဆိပ်” ကို ဂုဏ်ပြုချီးမြှင့်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ခံရယူခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် နိုင်ငံပေါင်း ၃၉ နိုင်ငံ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး စစ်မြေပြင် စွမ်းရည် ပြိုင်ပွဲ ၃၂ မျိုးပါဝင်ကာ ရုရှားနိုင်ငံအပါအဝင် ၁၀ နိုင်ငံ၌ ပြိုင်ပွဲများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်အနေဖြင့် ဒုတိယအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ် ကာ တင့်ကားစွမ်းရည်ပြိုင်ပွဲ၊ လက်ဖြောင့်သေနတ်ပစ်စွမ်းရည်ပြိုင်ပွဲနှင့် စစ်မြေပြင် ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယင်းပြိုင်ပွဲများ၏ ဆက်စပ် ပြိုင်ပွဲတစ်ရပ်ဖြစ်သည့် Creative Competition သို့လည်း မြန်မာ့တပ်မတော်မှ ယဉ်ကျေးမှုအဖွဲ့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ထိုသို့ ယှဉ်ပြိုင်ခဲ့ရာတွင် တင့်တပ်ဖွဲ့အနေဖြင့် ပြိုင်ပွဲဝင်နိုင်ငံ ၃၂ နိုင်ငံအနက် အုပ်စု ၂ တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အကြိုဗိုလ်လုပွဲအဆင့်ထိ တက်ရောက်နိုင်ခဲ့ကာ နိုင်ငံအလိုက် အဆင့် ၁၃ နေရာတွင်လည်းကောင်း၊ ဆေးတပ်ဖွဲ့အနေဖြင့် ပြိုင်ပွဲဝင် ၁၂ နိုင်ငံ၊ ပြိုင်ပွဲဝင်အသင်း ၁၃ သင်းအနက် နိုင်ငံအလိုက် အဆင့် ၅ နေရာတွင်လည်း ကောင်း၊ လက်ဖြောင့်သေနတ်ပစ်တပ်ဖွဲ့အနေဖြင့် ပြိုင်ပွဲဝင် ၂၁ နိုင်ငံ၊ ပြိုင်ပွဲဝင်အသင်း ၂၃ သင်းအနက် နိုင်ငံအလိုက် အဆင့် ၁၇ နေရာတွင်လည်းကောင်း အသီးသီးရပ်တည်နိုင်ခဲ့ပြီး မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့က မြန်မာ့ရိုးရာတူရိယာပစ္စည်းများ၊ သီချင်း များ၊ အကများဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေခဲ့ကြကာ ပြိုင်ပွဲဝင် ၉ နိုင်ငံအတွင်း အဆို အကောင်းဆုံးဆု၊ အကအကောင်းဆုံးဆုနှင့် အတီးအကောင်းဆုံးဆုတို့ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မော်စကို မြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ (မော်စကို)သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာ တော် ဒေါက်တာ ဘဒ္ဒန္တ အစ္ဆရိယ အား ဖူးမြော်ကြည်ညိုကြကာ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ (မော်စကို)တွင် ဆက်လက်ဆောင်ရွက်သွားမည့် သာသနိကအဆောက်အဦ တည်ဆောက်ရေးကိစ္စရပ်များ၊ ဗုဒ္ဓဘာသာ သာသနာထွန်းကားပြန့်ပွားရေးဆိုင်ရာကိစ္စ ရပ်များအား မေးမြန်းလျှောက်ထားပြီး ကျောင်းဝန်းအတွင်း ကျောင်းထိုင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ အစ္ဆရိယနှင့်အတူ လိုက်လံကြည့်ရှုခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)


