mdn

နေပြည်တော် ၁၉ အောက်တိုဘာ

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၏ အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်မည့် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး တည်ဆောက်နေမှုအား ယမန်နေ့နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များ သွားရောက်ဖူးမြော် ကြည်ညိုကြသည်။

 

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သီလဓမ္မကုန်း သာတောရကျောင်းတိုက် ဦးစီးပဓာနနာယက (ဝစီပိတ်) ဆရာတော် ဘဒ္ဒန္တကောဝိဒ အမှူးပြု၍ ဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းသို့ ရောက်ရှိကြပြီး ဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်မည့် ဗုဒ္ဓရုပ်ပွားတော် ဆင်းတုတော်များ ထုဆစ်လျက်ရှိသည့် အခြေအနေများနှင့် ရှုခင်းသာနေရာတို့အား ကြည့်ရှုကြသည်။  

 

ထို့နောက် သီလဓမ္မကုန်းသာတောရ ကျောင်းတိုက်(ဝစီပိတ်)ဆရာတော် ကိုယ်တိုင်ဦးဆောင် ပဓာနကမကထပြု၍ တည်ဆောက်ပူဇော်လျက်ရှိသည့် သတ္တသတ္တာဟ မဟာဗောဓိစေတီ တော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှု အခြေအနေ၊ လုမ္ဗနီဥယျာဉ်၌ ဘုရားအလောင်းတော် ဖွားမြင်တော်မူပုံ၊ ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာ တရားထူးဟောတော်မူပုံနှင့် ကုသိနာရုံပြည်၊ အင်ကြင်းဥယျာဉ်အတွင်း ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပုံစသည့် ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယလေးဌာနတို့ တည်ဆောက်ပူဇော်နေမှုများအား လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များ ညှိနှိုင်းဆွေးနွေး၍ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ဥယျာဉ်စိုက်ခင်းအတွင်း သစ်ပင်ပန်းမန်များ စိုက်ပျိုးထားရှိမှုကို လေ့လာကြည့်ရှုကြသည်။

ထို့နောက် အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ကြသည်။ အဆိုပါ ဗုဒ္ဓဥယျာဉ်တော်အတွင်း အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးအား ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ အေးချမ်းသာယာမှုရှိစေရန်၊ ထေရဝါဒဗုဒ္ဓဘာသာ တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက် တည်ထားကိုးကွယ်ထားခြင်းဖြစ်ကြောင်း၊ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးအား အိန္ဒိယနိုင်ငံဗုဒ္ဓဂယာရှိ မဟာဗောဓိစေတီတော်မြတ်ကြီး၏ ပုံစံအတိုင်း တည်ထားကိုးကွယ်မည်ဖြစ်ပြီး ဉာဏ်တော်အမြင့် ၁၀၈ ပေရှိမည်ဖြစ်ကာ ဗုဒ္ဓမြတ်စွာ ဘုရား၏ ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယ လေးဌာနတို့ကို ထပ်မံတည်ထား ကိုးကွယ်နိုင်ရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုများဖြင့် တည်ဆောက်ပူဇော်လျက်ရှိကြောင်း သိရှိရသည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ယင်းနေ့နံနက်ပိုင်းကလည်း သီလဓမ္မကုန်းသာ တောရကျောင်းတိုက် (ဝစီပိတ်) ဆရာတော်အမှူးပြု၍ ကျိုင်းတုံမြို့ရှိ ကျိုင်းဖောင်းချောင်းအတွင်းသို့ ငါးမျက်ဆံနီ ၁၇၀ဝ၀ ကောင်နှင့် ကျိုင်းတုံမြို့ဈေးအတွင်း ရောင်းချမည့် ငါးမျိုးစုံအရှင် ၆၂ ပိဿာကျော်တို့အား ဇီဝိတဒါန ငါးလွှတ်ခြင်းပြုလုပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

 

သတင်းစဉ်

 

mdn

 

mdn