နေပြည်တော် ၁၅ မေ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များနှင့်အတူ တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ မြို့မိ၊ မြို့ဖများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ယမန်နေ့ မွန်းလွဲပိုင်းတွင် ထားဝယ်လေဆိပ်၌ တွေ့ဆုံကာ (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း အထောက်အကူပြုပစ္စည်းများအား ပေးအပ်လှူဒါန်းသည်။
အဆိုပါတွေ့ဆုံပွဲသို့ ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးမှ ဂေါပကအဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများ၊ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ထားဝယ် တက္ကသိုလ်၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် ဆည်မြောင်းဦးစီး ဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားသည်။
ထို့နောက် မြို့မိမြို့ဖများနှင့် တက်ရောက်လာကြသူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား ဆွေးနွေးတင်ပြမှုအပေါ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ဆွေးနွေးပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြို့ပြည်သူလူထုအတွက် (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း အထောက်အကူပြုပစ္စည်းများဖြစ်သည့် Surgical Masks အခု ၂၀၀၀၀ ၊ Surgical Gloves အစုံ ၃၀၀၀ ၊ N 95 Mask အခု ၅၀၀ ၊ Non-Contact Thermometer အခု ၅၀ ၊ Hand Gel(500 ml) ဘူး ၁၅၀ ၊ Hand Santizer(500 ml) ဘူး ၁၅၀ ၊ Bleaching Powder ၂ ပုံး၊ တပ်မတော်စက်ရုံမှ ထုတ်လုပ်သည့် Masks အခု ၅၀၀၀ နှင့် စားသောက်ဖွယ်ရာများအား ထောက်ပံ့ပေးအပ်ရာ မြို့မိမြို့ဖများက လက်ခံရယူကြသည်။
ထို့နောက် ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီးအတွက် Surgical Masks အခု ၁၀၀၀၀ ၊ Personal Protective Equipment (PPE) ဝတ်စုံ ၅၀၀ ၊ Surgical Gloves အစုံ ၂၀၀၀ ၊ N 95 Mask အခု ၃၀၀ ၊ Examination Gloves အစုံ ၃၀၀ ၊ Hand Gel(500 ml)) ဘူး ၁၀၀ ၊ Hand Santizer (500 ml) ဘူး ၁၀၀ ၊ Bleaching Powder ၁ ပုံး၊ Pulse Oxymeter(Finger Tip) ၃ ဘူး၊ တပ်မတော် စက်ရုံမှ ထုတ်လုပ်သည့် Masks အခု ၅၀၀၀ နှင့် စားသောက် ဖွယ်ရာများအား ပေးအပ်လှူဒါန်းရာ ထားဝယ်မြို့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာထွန်းမင်းနှင့် ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ မျိုးမင်း တို့က လက်ခံရယူကြသည်။
မွန်းလွဲပိုင်းတွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့ ရွှေဝယ်သီရိ ပညာ့ဗိမာန် စာကြည့်တိုက်သို့ ရောက်ရှိပြီး E-Library ၊ စာဖတ်ခန်းနှင့် သုတရသစာအုပ်များထားရှိမှုကို လိုက်လံကြည့်ရှုကာ စာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ကျက်သရေဆောင် ထားဝယ်မြို့၊ လောကမာရဇိန် ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စား စေတီတော်မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည်ညိုပြီး ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
နံနက်ပိုင်းကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဟိန်းဇဲမြို့နယ်ရှိ မောရဝတီ ရေတပ်စခန်း ဌာနချုပ်သို့ သွားရောက်စစ်ဆေးပြီး ကမ်းရိုးတန်းဒေသများတွင် ရေတိုက်စားမှုများကို ကာကွယ်ရန်အတွက် လမုပင် (Manrove) နှင့် အုန်းပင်များကို အတန်းလိုက်စိုက်ပျိုး၍ ကာကွယ်ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များ မှာကြားကာ ဟိန်းဇဲနယ်မြေအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်


