နေပြည်တော် ၈ ဇန်နဝါရီ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Chaiyapruk Didyasarin အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ-ထိုင်း နှစ်နိုင်ငံသည် အိမ်နီးချင်းမိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြောင်း၊ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုသည် နှစ်နိုင်ငံအတွက် အရေးကြီးကြောင်း၊ ယခုအခါ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မာကောင်းမွန်ခြင်းကြောင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို များစွာအထောက်အကူဖြစ်စေကြောင်း၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုမှတစ်ဆင့် နယ်စပ်ဒေသတည်ငြိမ် အေးချမ်းအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားသည်။
ထို့နောက် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်က မိမိတို့ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အား လှိုက်လှဲစွာကြိုဆိုမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ့တပ်မတော် (လေ)မှ ပထမဆုံးအကြိမ်အပ်နှင်းသည့် ဂုဏ်ထူးဆောင် လေသူရဲတောင်ပံတံဆိပ်အား မိမိကိုအပ်နှင်းသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်နှင့် တပ်မတော်(လေ) နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက် ကောင်းမွန်စေရေးအတွက် အဆင့်အလိုက် ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေး၊ ချစ်ကြည်ရေးအားကစားပွဲများ၊ ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နိုင်မှုနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ရင်းနှီးစွာဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)