နေပြည်တော် ၈ ဒီဇင်ဘာ
တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာ တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ပြင်ဦးလွင်တပ်နယ်မှ အရာရှိကြီးများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကျောင်းဆင်း ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကို ခံယူပြီးတပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၂) မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၇၇၀၄ ဗိုလ်လောင်း ထွန်းလှိုင်ဝင်း၊ လေ့ကျင့်ရေး ထူးချွန်ဆုရရှိသူ ဗိုလ်လောင်း အမှတ် ၇၇၁၂ ဗိုလ်လောင်း နိုင်လင်းဦး နှင့် စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်း အမှတ် ၇၈၁၀ ဗိုလ်လောင်း အံ့မော်ဟိန်းတို့အား ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က သင်တန်းဆင်းဗိုလ်လောင်းများအား မိန့်ခွန်းပြောကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည် ထွက်ခွာသည်။
စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော် နည်းပညာ တက္ကသိုလ်ကျောင်း ဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း သုံးဦးကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
သတင်းစဉ်


