နေပြည်တော် ၁၇ သြဂုတ်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား သြဂုတ် ၁၆ ရက် ညနေပိုင်းတွင် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Mikhail Arkadievich Dmitriev နှင့် အဖွဲ့ဝင်များက Metropol ဟိုတယ်၌ လာရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ရုရှား - မြန်မာ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစင်တာများ တည်ဆောက်၍ သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်း စသည့် စီးပွားရေးကဏ္ဍများတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေဘဲ လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်ရေးကိစ္စများတွင် ကူညီဆောင်ရွက်သွားမည့်ကိစ္စ၊ နှစ်နိုင်ငံကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချစ်ကြည်ရေးအသင်းများမှ ဆောင်ရွက်ရန်လိုအပ်သည့် အခြေ အနေများနှင့် စစ်ဘက်နည်းပညာ၊ ပညာရေးနှင့် ယဉ်ကျေးမှုပူးပေါင်း ဆောင်ရွက်မှုများတွင် ရုရှားနိုင်ငံမှ ကူညီဆောင်ရွက်သွားမည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ယနေ့နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် မော်စကိုမြို့ရှိ Gorky Park နှင့် Cathedral of Christ the Saviour ဘုရားကျောင်းများ သို့ သွားရောက်လေ့လာကြည့်ရှုကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် Cathedral of Christ the Saviour ခရစ်ယာန်ဘုရားရှိခိုးကျောင်းသို့ သွားရောက်လေ့လာကြရာ ဘုရားကျောင်းမှ တာဝန်ရှိသူတစ်ဦးက ဘုရားရှိခိုးကျောင်းသမိုင်းအကျဉ်းနှင့် ပြန်လည်ပြုပြင်တည်ဆောက်ထားမှုများ၊ ဘုရားကျောင်းအပေါ်ထပ်မှ မော်စကိုမြို့ရှုခင်းများကို တွေ့မြင်ရပုံများအား လိုက်လံရှင်းလင်းပြသရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များအား ပြန်လည်မေးမြန်းခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်


