နေပြည်တော် ၂၆ ဒီဇင်ဘာ
မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များအတွက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများ၏ နဝကမ္မ အလှူတော်ငွေများနှင့် သီတဂူရေအလှူတော်အလှူငွေများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ကျင်းပသည်။
အခမ်းအနားသို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူ ဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက၊ ဗဟုဇနဟိတဓရ၊ တွဲဖက်ရွှေကျင်သာသနာပိုင်၊ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရနှင့် ဆရာတော်၊ သံဃာတော်များ တက်ရောက်ချီးမြှင့်တော်မူကြသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှနှင့် အခမ်းအနားတက်ရောက်လာကြသူများက သီတဂူဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များအတွက် နဝကမ္မအလှူတော် ငွေများနှင့် သီတဂူရေအလှူတော်အလှူငွေများ ဆက်ကပ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ လျှောက်ထားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က သီတဂူဆရာတော်ထံ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသော လှူဖွယ်ပစ္စည်းများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များအတွက် နဝကမ္မ အလှူတော်ငွေ ကျပ်သိန်း ၅၀၀ နှင့် သီတဂူရေအလှူတော် အလှူတော် ငွေကျပ် ၂၄၆ သိန်းတို့ကို ဆက်ကပ်လှူဒါန်းရာ ဆရာတော်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တက်ရောက်လာကြသည့် အရာရှိကြီးများက သီတဂူဆရာတော်နှင့် ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြရာ သီတဂူဆရာတော်က ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက်လာကြသူများသည် သီတဂူဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်