နေပြည်တော် ၃၀ ဇူလိုင်
အိန္ဒိယသမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့် အမျိုးသားလုံခြုံရေး ကောင်စီဥက္ကဋ္ဌ H.E.Mr. Narendra Damodardas Modi အား ယမန်နေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးချုပ်၏ အိမ်တော်၌ သွားရောက်ဂါရဝပြု တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုအား ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်စွမ်းရည် တိုးတက်မြင့်မားရေးအတွက် ဆက်လက်တိုးမြှင့် ကူညီပေးသွားမည့် အခြေအနေများ၊ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများနှင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အိန္ဒိယသမ္မတနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် အိန္ဒိယဝန်ကြီးချုပ်ရုံး ဝန်ကြီး H.E.Mr. Ajit Kumar Doval၊ ဒုတိယကာကွယ်ရေးဝန်ကြီး Mr. Shri Shripad Yesso Naik၊ အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် General Bipin Rawat၊ အိန္ဒိယ တပ်မတော်ရေတပ်ဦးစီးချုပ် Admiral Karambir singh တို့အား သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးတိုးတက်ခိုင်မာအောင် ဆက်လက်လုပ်ဆောင်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ် ဒေသတည်ငြိမ် အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ် ဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ အိန္ဒိယသမ္မတနိုင်ငံ၏ Act East Policy အရ မြန်မာနိုင်ငံ အနေဖြင့် အိမ်နီးချင်းမိတ်ဆွေကောင်း ပီသစွာဖြင့် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ အိန္ဒိယသမုဒ္ဒရာ လုံခြုံရေးအတွက် ဆက်စပ်လျက်ရှိသည့် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
(သတင်းစဉ်)


