နေပြည်တော် ၁၁  အောက်တိုဘာ 

        

ဂျပန်နိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် တိုကျိုမြို့အနောက်ပိုင်းရှိ Tachikawa တပ်စခန်းနှင့် Jindaiji ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်လေ့လာကြသည်။

           

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့၏ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးတပ်ဌာနချုပ်ဖြစ်သည့် Tachikawa တပ်စခန်းသို့ ရောက်ရှိကြရာ Tachikawa တပ်စခန်းမှ တပ်မှူး Colonel Yoshiura နှင့်အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြပြီး ရှင်းလင်းဆောင်၌ တပ်စခန်းဆိုင်ရာ သမိုင်းအကျဉ်းနှင့် လုံခြုံရေးဆိုင်ရာ၊ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ် ရေးဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ လေ့ကျင့်ဆောင်ရွက်နေမှုများအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။

 

1

           

ထို့နောက် ဂျပန်နိုင်ငံ၏ ကိုယ်ပိုင်ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသည့် ရဟတ်ယာဉ်များ၊ တပ်စခန်းအတွင်းလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးတို့ အတွက် အသင့်စုဖွဲ့ထားရှိသည့် ရဟတ်ယာဉ်များနှင့် လေကြောင်းလုံခြုံရေး ဆောင်ရွက်ထားရှိမှုတို့အား လှည့်လည်ကြည့်ရှုလေ့လာကြပြီး တပ်စခန်း ဌာနချုပ်မှ YOKOHAMA မြို့ ဆိပ်ကမ်းအထိ ရဟတ်ယာဉ်များဖြင့် ဝေဟင်မှကြည့်ရှုလေ့လာကြသည်။

 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား Tachikawa တပ်စခန်းမှ တပ်မှူး Colonel Yoshiura က တပ်စခန်းစားရိပ်သာတွင် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

 

1

 

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တိုကျိုမြို့ ဆင်ခြေဖုံးဒေသရှိ သမိုင်းဝင် ဗုဒ္ဓဘာသာဘုရားကျောင်းဖြစ်သည့် Jindaiji ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိရာ ကျောင်းထိုင်ဘုန်းတော်ကြီး Mr. Chodo Kanshun က ဘုရားကျောင်း သမိုင်းအကျဉ်းအား ရှင်းလင်းမိန့်ကြားပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အလှူငွေများ ပေးအပ်လှူဒါန်းကာ ဘုရားကျောင်းအတွင်း လှည့်လည် ဖူးမြော်ကြည်ညိုကြသည်။

 

ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကာကွယ်ရေးဝန်ကြီးဌာနသို့ သွားရောက်၍ ဂျပန်ကာကွယ်ရေးဝန်ကြီး Mr. Taro Kono နှင့် တွေ့ဆုံဆွေးနွေးသည်။

 

1

 

တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းနေမှု အခြေအနေ၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် တပ်မတော်မှ ကြိုးစားဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် ဂျပန်နိုင်ငံက ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ၊ ကုလသမဂ္ဂမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ မှန်ကန်စွာ ရပ်တည်ပေးခဲ့သည့် အခြေအနေ၊ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုပြင်းထန်လာပြီး ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် အကြမ်းဖက်မှု တားဆီးနှိမ်နင်းရေး ဆိုင်ရာကိစ္စများတွင် နိုင်ငံအားလုံးဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ပြီး သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်၍ ပူးပေါင်းဆောင်ရွက်ရန်လိုသည့် အခြေအနေ၊ ကာကွယ်ရေး၊ ပညာရေးနှင့် ကုန်သွယ်ရေးအပါအဝင် ကဏ္ဍပေါင်းစုံတွင် ဆက်ဆံမှုများ ပိုမိုတိုးတက်ကောင်းမွန်လာပြီး ဆက်လက်၍ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

သတင်းစဉ်