နေပြည်တော် ၁၂ အောက်တိုဘာ

 

ဂျပန်နိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့်အဖွဲ့အား အောက်တိုဘာ ၁၀ ရက် ညပိုင်းတွင် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr. Yohei Sasakawa နှင့် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Hideo Watanabe တို့က New Otani Hotel ၊ Hoon no ma ခန်းမ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

 

ဂုဏ်ပြုညစာစားပွဲ အခမ်းအနားတွင် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei Sasakawa၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမြင့်သူ၊ ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Hideo Watanabe ၊ Komeito Party အကြီးအကဲ နှင့် အထက်လွှတ်တော်အမတ် Mr. Natsuo Yamaguchi၊ (CDP) ပါတီအကြီးအကဲနှင့် အောက်လွှတ်တော်အမတ် Mr. Yukio Edano၊ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီး Mr. Katsunobu Kato၊ အငြိမ်းစားကာကွယ်ရေးဝန်ကြီး Mr.Itsunori Onodera နှင့် ဂျပန်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး (The Liberal Democratic Party)(LDP) မှ အောက်လွှတ်တော်အမတ်ဖြစ်သူ Mr. Taro Aso တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးရရှိရေး ဆောင်ရွက်မှုများတွင် ထဲထဲဝင်ဝင်ကြိုးစားဆောင်ရွက်ပေးနေကြသော နိပွန်ဖောင်ဒေရှင်းဥက္ကဋ္ဌ၊ ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း၊ အတိတ်ကို သင်ခန်းစာရယူပြီး အနာဂတ်ကို ကောင်းမွန်အောင် တည်ဆောက်ရမည်မှာ လက်ရှိပစ္စုပ္ပန် တွင် ရှိနေကြသူများ၏ တာဝန်ပင်ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာကူညီမှုများသည် ငွေကြေးအရ တိုင်းတာသတ်မှတ်၍ရသော်လည်း အမှီအခိုကင်းမှုနှင့် ဖိအားများ လျော့ကျစေမှုမှာ တန်ဖိုးဖြတ်၍မရပါကြောင်း၊ မြန်မာနိုင်ငံအပေါ် တူညီသည့် သဘောထားဖြင့် မတူညီသောအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များပူးပေါင်းဆုံဆည်း ဆောင်ရွက်ပေးမှုသည် မိမိတို့အတွက် များစွာဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ်ပြီး စေတနာများကို တန်ဖိုးဖြတ်၍ မရပါကြောင်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အောက်တိုဘာ(၁၁) ရက်နံနက်ပိုင်းတွင် တိုကျိုဘူတာမှ ကျည်ဆန်ရထား (Shinkansen)ဖြင့် Urasa မြို့အထိ လိုက်ပါစီးနင်းပြီး ဂျပန်နိုင်ငံ၏ ရထားသယ်ယူပို့ဆောင်ရေးစနစ်အား လေ့လာခဲ့ကြသည်။ ထိုမှတစ်ဆင့် Minami Uonuma မြို့ရှိ Hakkaisan ဂျပန်ရိုးရာအရက် ထုတ်လုပ်မှုစက်ရုံသို့ သွားရောက်၍ လေ့လာကြည့်ရှုခဲ့ကြသည်။

 

မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် Niigata မြို့ရှိ International University of Japan(IUJ)တွင် ပညာသင်ကြားလျက်ရှိသည့် မြန်မာကျောင်းသားများအား တွေ့ဆုံအမှာစကား ပြောကြားသည်။

 

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပါမောက္ခချုပ် Dr. Hiroyuki Itami နှင့် နိုင်ငံတကာ ဆက်ဆံရေး ပညာဘွဲ့လွန်တန်းကျောင်း၏ အကြီးအမှူး ဒေါက်တာ အောင်မျိုးတို့အား အမှတ်တရ လက်ဆောင်ပစ္စည်းများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

 

mdn

 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Niigata ခရိုင်ရှိ Yabukami 2 Power Station နှင့် Kamijo Power Station များသို့ သွားရောက်၍ ရေအားလျှပ်စစ် ထုတ်လုပ်နေမှုများနှင့် ရေသိုလှောင်ထားရှိမှုများအား လေ့လာကြည့်ရှုကြသည်။

 

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Niigata ခရိုင်၊ Urasa မြို့ရှိ Sekijyosan Saifukuji ဘုရားကျောင်းသို့ သွားရောက်လေ့လာ ဖူးမြော်ခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

သတင်းစဉ်