နေပြည်တော် မတ် ၁၂

 

တပ်မတော် (လေ) ၏ လေကြောင်းစွမ်းပကား မြင့်မားစေရန်အတွက် လေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ နယ်မြေခံ လေတပ်စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

 

တက်ရောက်

အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ လေတပ်စခန်း ဌာနချုပ်မှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ၊ တပ်မတော် (လေ) မှ အရာရှိ၊ စစ်သည် မိသားစုများ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်  အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့တပ်မတော်သည် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းနှင့်အတူ ပေါက်ဖွားလာခဲ့သည့် မျိုးချစ်တပ်မတော်ဖြစ်ကြောင်း၊ ထို့အပြင် တိုင်းရင်းသား ပြည်သူပေါင်းစုံ ပါဝင်ဖွဲ့စည်းထားသည့် ပြည်သူ့တပ်မတော်၊ ပြည်ထောင်စုတပ်မတော်လည်း ဖြစ်ကြောင်း၊ သမိုင်းတစ်လျှောက် တိုင်းပြည်နှင့်လူမျိုးအပေါ် အန္တရာယ်အမျိုးမျိုး ကျရောက်လာသည့် အချိန်တိုင်း၊ အချုပ်အခြာအာဏာကို ခြိမ်းခြောက်ထိပါးခံရသည့် အချိန်တိုင်းတွင် တပ်မတော်သည် ပြည်သူရှေ့က မားမားမတ်မတ်ရပ်တည်ပြီး ကာကွယ်စောင့်ရှောက်ပေးခဲ့သည်ကို အထင်အရှား တွေ့ရမည်ဖြစ်ကြောင်း။

 

 

အမိမြန်မာနိုင်ငံတော်၏ မြေပြင်၊ ရေပြင်၊ ဝေဟင်ပိုင်နက်နှင့် အမျိုးသားအကျိုးစီးပွားကို ထိရောက်အောင်မြင်စွာ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များကို အင်အားတောင့်တင်းပြီး စွမ်းရည်ပြည့်ဝထက်မြက်နေအောင် အစဉ်တည်ဆောက်ထိန်းသိမ်း နေရမည်ဖြစ်ကြောင်း၊ တပ်မတော်အင်အား တောင့်တင်းခိုင်မာပြီး စွမ်းရည်ပြည့်ဝနေမှသာ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် အမျိုးဂုဏ်ဇာတိဂုဏ်ကို ထိန်းသိမ်း မြှင့်တင်နိုင်မည်ဖြစ်ပြီး ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ ရပ်တည်နိုင်မည်ဖြစ်ကြောင်းကို ခေတ်အဆက်ဆက် ဖြတ်ကျော် ကြုံတွေ့ခဲ့ရသည့် သမိုင်းအတွေ့အကြုံများက ထင်ထင်ရှားရှား သင်ခန်းစာပေး ထောက်ပြလျက် ရှိကြောင်း။

 

ခေတ်သစ်စစ်ပွဲများနှင့် လတ်တလောဖြစ်ပွားနေသည့် ကမ္ဘာ့အရေးအခင်းများ ကို လေ့လာကြည့်ပါက လေကြောင်းနှင့် အာကာသစွမ်းအားသည် အမျိုးသားအကျိုးစီးပွားဖော်ဆောင်ရေးနှင့် စစ်ပွဲ အောင်နိုင်ရေးအတွက် များစွာအဓိကကျ အရေးပါသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ပင် ကမ္ဘာ့နိုင်ငံအသီးသီးသည် နိုင်ငံကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ မိမိတို့၏ လေကြောင်းစွမ်းအားကို တတ်နိုင်သမျှ မြင့်မားကောင်းမွန်အောင် အစဉ်ကြိုးပမ်းနေကြခြင်းဖြစ်ကြောင်း။

 

တပ်မတော် (လေ) သည် နိုင်ငံ၏ လေကြောင်းစွမ်းအား မြင့်မားကောင်းမွန်စေရန် တာဝန်အရှိဆုံးနှင့် အဓိကအကျဆုံး တပ်ဖွဲ့ဖြစ်ကြောင်း၊ လေတပ်အင်အား တောင့်တင်းခိုင်မာနေမှသာ လေကြောင်း စိုးမိုး အရေးသာမှု ရယူထိန်းသိမ်းနိုင်ပြီး နိုင်ငံ၏အကျိုးစီးပွားကို ထိထိရောက်ရောက် ကာကွယ် စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း၊ လေကြောင်းစွမ်းအားဆိုသည်မှာ လေယာဉ်ရဟတ်ယာဉ်များ ရှိနေရုံဖြင့် မလုံလောက်သေးဘဲ အထောက်အကူပြုမည့် စနစ်အမျိုးမျိုး၊ ပြုပြင်ထိန်းသိမ်းရေးနှင့် ထောက်ပံ့ ဖြည့်တင်းရေးအတွက် စနစ်အမျိုးမျိုး၊ လေ့ကျင့်ရေးစနစ်အမျိုးမျိုး ပြည့်စုံစွာ ရရှိပိုင်ဆိုင်ထားရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်လေကြောင်းစွမ်းအား ဟန်ချက်ညီ ဘက်စုံ တိုးတက်ကောင်းမွန်စေရေး ၂၀၁၁ ခုနှစ်မှစပြီး အဓိကကျသည့် အရင်းအမြစ် အမျိုးမျိုးကို တွက်ချက်သုံးသပ်ဖြည့်တင်း ပေးလျက်ရှိကြောင်း။

 

လေကြောင်းစွမ်းအား ထက်မြက်ကောင်းမွန်နေရေးအတွက် ကိုင်တွယ်အသုံးပြုသူများမှ စွမ်းအားပြည့် အသုံးချပြီး ပိုင်ဆိုင်ထားသည့် အရင်းအမြစ်များကို ထိထိရောက်ရောက် အသုံးချနိုင်ရန် အရည်အသွေး အရည်အချင်းပြည့်ဝ ကောင်းမွန်သည့် လူ့စွမ်းအားအရင်းအမြစ်များ မဖြစ်မနေလိုအပ်ကြောင်း၊ ကျွမ်းကျင်မှုရှိပြီး အထိရောက်ဆုံး အသုံးချနိုင်မည့် စစ်သည်တော်များ လေ့ကျင့်မွေးထုတ်ရေး အတွက် စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်သွားရန် အထူးမှာကြားလိုကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးရာတွင် လေသူရဲများ၊ လေယာဉ်သားနှင့်ပညာရှင်များ၊ အုပ်ချုပ်မှုပိုင်း အထောက်အကူပေးရမည့် တာဝန်ရှိသူများစသည်ဖြင့် သက်ဆိုင်ရာကဏ္ဍ အားလုံးအကျုံးဝင်ကြောင်း။

 

တပ်မတော်(လေ)တွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိ၊ စစ်သည်နှင့် အမှုထမ်းတိုင်းသည် နိုင်ငံ့အကျိုး လိုလား ပြီး တိုင်းချစ်ပြည်ချစ်စိတ်ရှိသည့် တန်ဖိုးရှိ လူသားအရင်းအမြစ်များ ဖြစ်နေကြရန် လိုအပ်သည်ကိုလည်း ပြောကြားလိုကြောင်း၊ သို့မှသာ မည်သို့သောလုပ်ငန်း တာဝန်များကိုမဆို ရဲရဲဝံ့ဝံ့ဖြင့် ကျေကျေပွန်ပွန် ထမ်းဆောင်လိုစိတ် ပြင်းပြနေကြမည်ဖြစ်ကြောင်း၊ တိုင်းချစ်ပြည်ချစ်စိတ် ရှိရန်နှင့် ယုံကြည်ချက် ခံယူချက် မွန်မြတ်ကောင်းမွန်စေရေး နိုင်ငံတော်နှင့် တပ်မတော်ဆိုင်ရာ သမိုင်းကြောင်းများ ကို သိရှိလေ့လာကြရန်၊ စာပေဗဟုသုတ ရှာဖွေဆည်းပူးကြရန် တိုက်တွန်းမှာကြား လိုကြောင်း။

 

တပ်မတော်(လေ) စတင်ဖွဲ့စည်း တည်ထောင်ခဲ့ချိန်မှစပြီး လက်ရှိကာလအထိ ရည်မှန်းချက် တာဝန်များ ထမ်းဆောင်ခဲ့မှုအပေါ် သုံးသပ်စိစစ်ကြည့်ပါက နိုင်ငံတော်နှင့် တပ်မတော်ကပေးအပ်သည့် တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ပြည်တွင်း သောင်းကျန်းမှု နှိမ်နင်းရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ဆင်မှုများ၊ ပြည်ပကျူးကျော်မှု တွန်းလှန်ချေမှုန်းရေး စစ်ဆင်မှုများတွင် စွမ်းစွမ်းတမံ အထောက်အကူပြုတိုက်ပွဲဝင်နိုင်ခဲ့ကြောင်း၊ ထို့အပြင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ သဘာဝဘေး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများတွင်လည်း နည်းလမ်းအမျိုးမျိုးဖြင့် ပါဝင်အထောက် အကူပြုနိုင်ခဲ့ကြောင်း။

 

တပ်မတော် (လေ) ၏ တိုးတက်အောင်မြင်မှု အရှိန်အဟုန်များကို ရေရှည်ထိန်းသိမ်းမြှင့်တင်ပြီး နိုင်ငံတော်နှင့် တပ်မတော်ကပေးအပ်သည့် တာဝန်အမျိုးမျိုးကို အောင်မြင်ကျေပွန်စွာ ထမ်းဆောင်သွားကြရန်၊ ရရှိပိုင်ဆိုင်ထားသည့် လေယာဉ်ရဟတ်ယာဉ်နှင့် လက်နက်စနစ်များ၊ လေကြောင်းစွမ်းအား အရင်းအမြစ်များကို စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်စွာ ကိုယ်တွယ်အသုံးပြုပြီး စွမ်းရည်ထက်မြက်သည့် တပ်မတော် (လေ) ဖြစ်ကြောင်း သက်သေပြကြရန်၊ ယနေ့အထိ တည်ဆောက် ထိန်းသိမ်းလာသည့် တပ်မတော် (လေ) ၏ အစဉ်အလာကောင်းများကို လေးစားဂုဏ်ယူတန်ဖိုးထားပြီး မျိုးဆက်သစ်များထံ လက်ဆင့်ကမ်း ကောင်းမွေပေးအပ်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က လေယာဉ်များ တပ်တော်ဝင်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းဝင်းက လေယာဉ်များအား တပ်တော်ဝင်အဖြစ် ကြေညာသည်။

 

 

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အထိမ်းအမှတ် အမှတ်တရလက်ဆောင် ပစ္စည်းများကို ဂါရဝပြု ပေးအပ်သည်။

 

 

ပျံသန်းအလေးပြု

ဆက်လက်၍ လေယာဉ်၊ ရဟတ်ယာဉ်များ သရုပ်ပြအုပ်ဖွဲ့ ပျံသန်းအလေးပြုခြင်းကို ဆောင်ရွက်ရာ ဦးစွာ အချိန်ကိုက်ပျံသန်းအလေးပြုခြင်း အစီအစဉ်အရ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်လေးစင်းတို့က အမျိုးအစားမတူညီသည့် Composite Formation အုပ်ဖွဲ့ဖြင့် လည်းကောင်း၊ အမျိုးအစားမတူညီသည့် ရဟတ်ယာဉ်ငါးစင်းတို့က Composite Formation အုပ်ဖွဲ့ဖြင့်လည်းကောင်း၊ ကင်းထောက်လေယာဉ် တစ်စင်းနှင့် အပေါ့စားရဟတ်ယာဉ် နှစ်စင်းတို့က Composite Formation ဖြင့် လည်းကောင်း၊ အမောင်းသင်လေယာဉ်ငါးစင်းတို့က Kite Formation အုပ်ဖွဲ့ပုံစံဖြင့်လည်းကောင်း၊ အလတ်စား သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းနှင့် တိုက်လေယာဉ်နှစ်စင်းတို့က Composite Formation ဖြင့်လည်းကောင်း၊ တိုက်လေယာဉ်သုံးစင်းက Arrow Head Formation ဖြင့် အုပ်ဖွဲ့ပျံသန်းပြီး တိုက်လေယာဉ်တစ်စင်းက Barrel Roll Maneuver ဖြင့် သရုပ်ပြပျံသန်း၍ လည်းကောင်း၊ အလတ်စားသယ်ယူ ပို့ဆောင်ရေးလေယာဉ်တစ်စင်းနှင့် ဘက်စုံသုံး တိုက်လေယာဉ်နှစ်စင်းတို့က Composite Formation ဖြင့်လည်းကောင်း၊ တိုက်လေယာဉ်သုံးစင်း တို့က Arrow Head Formation ပုံစံ ဖြင့်လည်းကောင်း၊ ဘက်စုံသုံး တိုက်လေယာဉ်သုံးစင်းတို့က Arrow Head Formation အုပ်ဖွဲ့ပုံစံဖြင့်လည်းကောင်း၊ တိုက်လေယာဉ် သုံးစင်းတို့က ရှုရပ်၏ ရှေ့တည့်တည့်မှ ပျံသန်းဝင်ရောက်ကာ တပ်မတော် (လေ) အလံကိုယ်စားပြု အဝါရောင်၊ အဖြူရောင်နှင့် အပြာရောင် မီးခိုးများထုတ်လွှတ်ပြီး Cross Turn Maneuver ဖြင့် ပျံသန်း၍လည်းကောင်း၊ တိုက်လေယာဉ်တစ်စင်းနှင့် စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံးအကြီးစား ဂျက်တိုက်လေယာဉ်တစ်စင်းတို့က Composite Formation ဖြင့် ပျံသန်းပြီး မီးကျည်များပစ်လွှတ်၍ လည်းကောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ပျံသန်းအလေးပြုခြင်းများ ဆောင်ရွက်ကြသည်။

 

 

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်တော်ဝင်လေယာဉ်များကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး တပ်တော်ဝင်လေယာဉ်များအား လှည့်လည်ကြည့်ရှုကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် သရုပ်ပြအုပ်ဖွဲ့ ပျံသန်းမှုတွင် ပါဝင်သော လေသူရဲများအား ဂုဏ်ပြုနှုတ်ဆက်စကား ပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်