နေပြည်တော်၊ ဒီဇင်ဘာ ၁၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော် (လေ) ၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် နိုင်ငံတော်နှင့်တပ်မတော်၏ လေကြောင်းစွမ်းပကားမြင့်မားစေရန်အတွက် လေယာဉ်၊ ရဟတ်ယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ် (လေ) များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လေတပ်စခန်း ဌာနချုပ်မှူးများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြ သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် ယနေ့သည် တပ်မတော် (လေ) ၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားဖြစ်ပြီး ယခုကဲ့သို့မင်္ဂလာရှိသည့်နေ့တွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်ရာ၌ တပ်မတော် (လေ) ၏စွမ်းရည်မြင့်မားတိုးတက်ရေးအတွက် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင် အခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အတွက် နိုင်ငံတော်၊ တပ်မတော်နှင့် တပ်မတော် (လေ) အတွက် ဂုဏ်ယူဖွယ်ရာ နေ့တစ်နေ့လည်း ဖြစ်ကြောင်း။
ယခင်က တပ်မတော် (လေ) လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားများ ၁၄ ကြိမ် ကျင်းပ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့တွင် လေယာဉ်၊ ရဟတ်ယာဉ်များကို တပ်တော်ဝင်ခြင်း ဆောင်ရွက်ပြီး တပ်မတော် (လေ) သို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ လေယာဉ် ရဟတ်ယာဉ်များ တိုးတက်ဖြည့်ဆည်းပေးနိုင်သည့်အတွက် တပ်မတော် (လေ) ၏ စစ်ဆင်ရေးနှင့် အခြားပျံသန်းရေး တာဝန်များထမ်းဆောင်ရာတွင် အဓိကအရေးပါသည့် စွမ်းဆောင်ရည်များကို မြှင့်တင်ပေးရာရောက်သကဲ့သို့ တပ်မတော်အတွက် တိုက်စွမ်းရည်နှင့် တိုက်စွမ်းအား တိုးတက် မြင့်မားအောင် အထောက်အကူပြုစေမည်လည်းဖြစ်ကြောင်း။
မျက်မှောက်ခေတ် ကမ္ဘာတစ်လွှား ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် လက်နက်ကိုင်ပဋိပက္ခများကို လေ့လာဆန်းစစ်ကြည့်ပါက လေကြောင်းနှင့် အာကာသစွမ်းအားသည် စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကအရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ လေကြောင်းစွမ်းအား သာလွန်ကောင်းမွန်မှုသည် ရန်သူအပေါ် လွှမ်းမိုးထိန်းချုပ်ချေမှုန်းနိုင်ပြီး မိမိတပ်ဖွဲ့များ၏ စိတ်ဓာတ်နှင့် တိုက်စွမ်းရည် ပိုမိုအားကောင်းတိုးတက်စေကြောင်း သိသာထင်ရှားစွာတွေ့မြင်နေရကြောင်း၊ ထို့ကြောင့် တပ်မတော် (လေ) အနေဖြင့် ဖြစ်ပေါ်တိုးတက်နေသည့် အခြေအနေများကို မျက်ခြည်မပြတ် လေ့လာသုံးသပ်ဆန်းစစ်ပြီး လိုက်လျောညီထွေစွာ ပြောင်းလဲတိုးတက်ဆောင်ရွက်နေရမည် ဖြစ်ကြောင်းကို အလေးအနက် မှာကြားလိုကြောင်း။
ပိုင်ဆိုင်ထားသည့် လေယာဉ်၊ ရဟတ်ယာဉ်များနှင့် လက်နက်စနစ်များ၏ စွမ်းဆောင်ရည်ကို အပြည့်အဝ အသုံးချစစ်ဆင်နိုင်ရန် လေ့ကျင့်သားပြည့်ဝမှုသည် အဓိကလိုအပ်ချက်ဖြစ်ကြောင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုသည် စဉ်ဆက်မပြတ် ဖြစ်ပေါ်ပြောင်းလဲနေသည့်အတွက် တစ်ကြိမ်တစ်ခါ လေ့ကျင့်ရုံဖြင့် မလုံလောက်ဘဲ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့် လုပ်ငန်းစဉ်အတိုင်း အမြဲမပြတ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊
ယနေ့ကာလတွင်အင်အားကြီးနိုင်ငံများ၏ အချင်းချင်းအားပြိုင်မှုများတိုးတက်ဖြစ်ပေါ်လျက်ရှိပြီး အကျိုးဆက်အနေဖြင့် နိုင်ငံငယ်များအပေါ် ကဏ္ဍပေါင်းစုံမှ ဝင်ရောက်စွက်ဖက်ပြီး လွှမ်းမိုးခြယ်လှယ်ရန် ကြိုးပမ်းမှုများ၊ နိုင်ငံအချင်းချင်း ပိုင်နက်နယ်မြေ အငြင်းပွားမှုများ၊ အကြမ်းဖက် တိုက်ခိုက်မှုများ၊ ပြည်တွင်းမငြိမ်မသက်မှုများသည် ကမ္ဘာ့နေရာအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိနေကြောင်း။
တပ်မတော် (လေ) ၏ သမိုင်းကို ပြန်ကြည့်မည်ဆိုပါက အခက်အခဲများကြားမှ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် ဇွဲသတ္တိတို့ကိုအရင်းခံပြီး ရှိသည့်လေယာဉ်၊ ရှိသည့် လက်နက်ဖြင့် ရည်မှန်းချက်အောင်မြင်အောင် ကြိုးစားတိုက်ပွဲဝင်ခဲ့သည်ကို အထင်အရှားတွေ့မြင်နေရကြောင်း၊ ထိုကဲ့သို့ မြင့်မြတ်ဂုဏ်ယူဖွယ်ဖြစ်သည့် အစဉ်အလာကောင်းများကို တန်ဖိုးထားထိန်းသိမ်းပြီး နောက်မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်းအမွေ ဆက်လက်ပေးအပ်သွားကြရန် တိုက်တွန်း မှာကြားလိုကြောင်း။
တပ်မတော်က ဆောင်ရွက်အကောင်အထည်ဖော်နေသည့် နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် တပ်မတော် (လေ) အနေဖြင့်လည်း ကျရာအခန်းကဏ္ဍမှ တက်တက်ကြွကြွ ဆက်လက်ပါဝင် ထမ်းဆောင်သွားကြရန်၊ ယခုတပ်တော်ဝင်ပေးလိုက်သည့် လေယာဉ်ရဟတ်ယာဉ်များကို မြတ်နိုးတန်ဖိုးထားစွာ ကိုင်တွယ်အသုံးပြု ပျံသန်းပြီး တပ်မတော်၏ ဂုဏ်ကို မြှင့်တင်ဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်ကို ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်နိုင်သည့် စွမ်းရည်မြင့်မားသော ခေတ်မီတပ်မတော် (လေ) အဖြစ် အစဉ်ရပ်တည်နိုင်အောင် ကြိုးစားအားထုတ် တည်ဆောက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားပြီး စစ်ဦးစီး အရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်က လေယာဉ်၊ ရဟတ်ယာဉ်များအား တပ်တော်ဝင်အဖြစ် ကြေညာသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အထိမ်းအမှတ် လေယာဉ်ပုံစံငယ်များကို ဂါရဝပြုပေးအပ်သည်။
ဆက်လက်၍ လေယာဉ်၊ ရဟတ်ယာဉ်များ သရုပ်ပြအုပ်ဖွဲ့ပျံသန်းအလေးပြုခြင်းနှင့် ကျွမ်းထိုးသရုပ်ပြ ပျံသန်းခြင်းများပြသကြရာ ဦးစွာအချိန်ကိုက်ပျံသန်း အလေးပြုခြင်း အစီအစဉ်အရ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၂ စီးတို့က နိုင်ငံတော်အလံနှင့် တပ်မတော်အလံကို ချိတ်ဆွဲပြီး အပေါ့စား သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ၂ စီးတို့က ခြံရံလိုက်ပါပျံသန်း၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အလေးပြုကြသည်။
ယင်းနောက် အပေါ့စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၄ စီးတို့က အမျိုးအစားမတူညီသည့် Composite Box Formation အုပ်ဖွဲ့ပုံစံဖြင့်လည်းကောင်း၊ တပ်မတော် (လေ) မှ စမ်းသပ်တီထွင် ထုတ်လုပ်ထားသည့် ကင်းထောက်လေယာဉ် ၂ စီးနှင့် အမောင်းသင်လေယာဉ် ၁ စီးတို့က အမျိုးအစား မတူညီသည့် Composite Trail Formation အုပ်ဖွဲ့ပုံစံဖြင့်လည်းကောင်း၊ သယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စီးနှင့် အလတ်စားသယ်ယူပို့ဆောင်ရေး လေယာဉ် ၂ စီးတို့က အမျိုးအစားမတူညီသည့် Composite Arrow Head Formation အုပ်ဖွဲ့ပုံစံဖြင့်လည်းကောင်း၊ ဂျက်တိုက်လေယာဉ် သုံးစီးတို့က Composite Trail Formation အုပ်ဖွဲ့ပုံစံဖြင့် တပ်မတော် (လေ) ကို ကိုယ်စားပြုသည့် အဝါရောင်၊ အဖြူရောင်၊ အပြာရောင်မီးခိုးများကို ထုတ်လွှတ်၍လည်းကောင်း၊ ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ် ၂ စီးနှင့် ဘက်စုံသုံးဂျက်တိုက်လေယာဉ် ၂ စီးတို့က အမျိုးအစား မတူညီသည့် Composite Box Formation အုပ်ဖွဲ့ပုံစံဖြင့်လည်းကောင်း၊ တိုက်လေယာဉ် ၃ စီးတို့က Composite Arrow Head Formation အုပ်ဖွဲ့ပုံစံဖြင့် ပျံသန်းမောင်းနှင်ကြပြီး ရှုရပ်၏ ရှေ့တူရှုတည့်တည့်မှ ပျံသန်းဝင်ရောက်ကာ ယပ်တောင်ဖြန့်ခွဲပုံစံဖြင့်လည်းကောင်း၊ အမောင်းသင် လေယာဉ် ၁ စီး၊ ဘက်စုံသုံးဂျက်တိုက်လေယာဉ် ၁ စီးနှင့် စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံး အကြီးစားဂျက်တိုက်လေယာဉ် ၁ စီးတို့က အမျိုးအစားမတူ၊ အရွယ်အစားမတူ၊ ပျံသန်းနှုန်း မတူညီသည့် လေယာဉ်အမျိုးအစား ၃ မျိုးတို့က Composite Arrow Head Formation အုပ်ဖွဲ့ပုံစံဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ပျံသန်းအလေးပြုခြင်းများ ဆောင်ရွက်ကြသည်။
ထို့နောက် တိုက်လေယာဉ်တစ်စီးက အမြန်နှုန်းတစ်နာရီ ၉၀၀ ကီလိုမီတာ နှုန်း High Speed Flight ဖြင့် ပျံသန်းကာ ရုတ်ချည်းအပေါ်တည့်တည့်သို့ ထောင်တက်၍ Zoom Climb Maneuver ကို စွမ်းရည်သရုပ်ပြ ပျံသန်းပြီး စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံးအကြီးစားတိုက်လေယာဉ်ဖြစ်သည့် Su-30 SME တိုက်လေယာဉ် ၁ စီးက ရန်သူမှတန်ပြန်ပစ်ခတ်လာနိုင်သည့် လေကြောင်းရန်ကာကွယ်ရေး လက်နက်များအား ရှောင်ရှားပျံသန်းရာတွင်လည်းကောင်း၊ မိမိလေယာဉ်နောက်မှ လိုက်ပါလာသည့် ရန်သူကိုလှည့်စားပြီး ရန်သူ့လေယာဉ်၏ ဘယ် သို့မဟုတ် ညာဘက်သို့ ကွေ့ဝိုက်ကာ ရန်သူ့လေယာဉ် အနောက်တည့်တည့်မှ ပြန်လည်နေရာယူတိုက်ခိုက်သည့် ပုံစံ Oblique Loop Maneuer ဟုခေါ်သည့် စစ်ကစားမှုပုံစံဖြင့်ပျံသန်း၍လည်းကောင်း၊ မိမိလေယာဉ်နောက်မှ ထပ်ချပ်မကွာ လိုက်လာသည့် ရန်သူကိုလှည့်စားသည့်အနေဖြင့် ဘယ် သို့မဟုတ် ညာ သို့ Roll ပြုလုပ်ကာ Multi Roll ဟုခေါ်သည့် စစ်ကစားမှုပုံစံဖြင့် ပြုလုပ်ပျံသန်း၍လည်းကောင်း၊ သာမန်ဂျက်တိုက်လေယာဉ်များ မပြုလုပ်နိုင်သည့် ပျံသန်းမှုအမျိုးအစားဖြစ်သည့် High AOA Loop ပုံစံဖြင့် သရုပ်ပြပျံသန်း၍လည်းကောင်း၊ ရှုရပ်၏ အနောက်တည့်တည့်မှ ဝင်ရောက်ပြီး မီးကျည်များ ပစ်လွှတ်၍လည်းကောင်း စွမ်းရည်သရုပ်ပြပျံသန်းသည်။
ဆက်လက်၍ ဇီဝိတဒါနငှက်လွှတ်ခြင်းဆောင်ရွက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များက တပ်မတော် (လေ) ၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ငှက်အကောင်ရေ ၇၇ ကောင်တို့အား ဘေးမဲ့လွှတ်ပေးကြပြီး တပ်တော်ဝင်လေယာဉ်၊ ရဟတ်ယာဉ်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ယင်းနောက် တပ်တော်ဝင် လေယာဉ်၊ ရဟတ်ယာဉ်များအား လှည့်လည်ကြည့်ရှုကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သရုပ်ပြ အုပ်ဖွဲ့ပျံသန်းမှုတွင် ပါဝင်သောလေသူရဲများအား ဂုဏ်ပြုနှုတ်ဆက် စကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။
ယနေ့ လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားတွင်ပါဝင် ပျံသန်းခဲ့သည့် MTX-1A နှင့် MTX-1B လေယာဉ်များသည် တပ်မတော် (လေ) မှ အရာရှိ၊ စစ်သည်များကိုယ်တိုင် စမ်းသပ်တီထွင် ထုတ်လုပ်ထားသော ကင်းထောက်လေယာဉ်အမျိုးအစားဖြစ်သည်။ Reverse Engineering နည်းလမ်းဖြင့် လေယာဉ်ထုတ်လုပ်မှုနည်းပညာနှင့် အတွေ့အကြုံများ ရရှိရန်ရည်ရွယ်၍ စမ်းသပ်ထုတ်လုပ် တပ်ဆင်ခဲ့ခြင်းဖြစ်ပြီး MTX-1A လေယာဉ်အား Cockpit Flight Display System ၊ Communication & Navigation System တို့ကို Design ထုတ်လုပ်၍ System Integration ပြုလုပ်တပ်ဆင်ကာ ၂၀၂၁ ခုနှစ် မတ် ၂၅ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့သည်။
MTX-1A လေယာဉ်ထုတ်လုပ်မှုအတွေ့အကြုံများကို အခြေခံ၍ ပိုမိုခေတ်မီအဆင့်မြင့်သည့် MTX-1B လေယာဉ်အား တပ်မတော် (လေ) မှ အရာရှိ၊ စစ်သည်များက အဆင့်မြင့် Cockpit Display များ၊ ဆက်သွယ်ရေး စနစ်များနှင့် ကိုယ်ထည်ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများပြုလုပ်ကာ ထပ်မံဆန်းသစ်တီထွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
လေယာဉ်ထုတ်လုပ်မှု ရည်ရွယ်ချက်များအတိုင်း လေယာဉ်ကိုယ်ထည်ပိုင်း၊ လျှပ်စစ်နှင့် အင်ဂျင်အပိုင်း၊ လေကြောင်းလမ်းပြစနစ်၊ ဆက်သွယ်မှုစနစ်များနှင့် မောင်းနှင်ထိန်းသိမ်းမှုပြသသည့်စနစ်များအား ဒီဇိုင်းရေးဆွဲထုတ်လုပ်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ လေယာဉ်ထုတ်လုပ်မှုအဆင့်တိုင်းတွင် အရည်အသွေး စစ်ဆေးခြင်းနှင့် Functional and Operational Test လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးTurboprop အင်ဂျင်နှင့် Glass Cockpit System တို့ တပ်ဆင်ထားသည့် MTX-1B လေယာဉ်အား ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ MTX-1B လေယာဉ်အား ၂၀၂၄ ခုနှစ် မတ်လတွင် စမ်းသပ်ပျံသန်းခြင်းများကို အောင်မြင်စွာ ပြီးစီးခဲ့ကြောင်းသိရှိရသည်။
ထို့အပြင် ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် တပ်မတော် (လေ) ၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် လေယာဉ်/ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနား အထိမ်းအမှတ်အဖြစ် ပြခန်းများအတွင်းပြသထားသည့် လေကြောင်းသမိုင်းမှတ်တမ်းများ၊ ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် တပ်မတော် (လေ) ဝတ်စုံများ၊ တပ်မတော် (လေ) သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ ကာကွယ်ရေးဦးစီးချုပ် (လေ) တာဝန်ထမ်းဆောင်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ သမိုင်းဝင် လေယာဉ်၊ ရဟတ်ယာဉ်များနှင့် ၎င်းတို့ဆင်နွဲခဲ့သည့် တိုက်ပွဲမှတ်တမ်းများ၊ လေယာဉ်၊ ရဟတ်ယာဉ်များတွင် အသုံးပြုလျက်ရှိသည့် Avionics ပစ္စည်းများ၊ ခေတ်မီ မျိုးဆက်သစ်တိုက်ခိုက်ရေးလေယာဉ်ပုံစံငယ်များနှင့် လေသူရဲ အသုံးအဆောင်ပစ္စည်းများ၊ တပ်မတော် (လေ) တွင်အသုံးပြုလျက်ရှိသည့် လက်နက်၊ ခဲယမ်းများ၊ တပ်မတော် (လေ) မှ စွမ်းရည်ဘွဲ့တံဆိပ် ရရှိခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ လေယာဉ်၊ ရဟတ်ယာဉ်များ၊ တပ်တော်ဝင်အခမ်းအနား မှတ်တမ်းဓာတ်ပုံများ၊ တပ်မတော် (လေ) အရာရှိ၊ စစ်သည်၊ အစားခန့်များအား လေ့ကျင့်ပျိုးထောင်မှု မှတ်တမ်းဓာတ်ပုံများ၊ တပ်မတော် (လေ) ၏ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ၊ တပ်မတော် (လေ) ၏ တိုးတက်ပြောင်းလဲလာမှု မှတ်တမ်းဓာတ်ပုံများ၊ ကာကွယ်ရေးဦးစီးချုပ် (လေ) အဆက်ဆက်က ဆုရလေသူရဲများအား ဆုချီးမြှင့် ပေးအပ်သည့် မှတ်တမ်းဓာတ်ပုံများ၊ တပ်မတော် (လေ) မှ ထုတ်လုပ်ထားသည့် လေကြောင်း အီလက်ထရောနစ်ဆိုင်ရာ စက်ပစ္စည်းများအား လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် တပ်မတော် (လေ) ၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးကြပြီးနောက် လေတပ်စခန်းဌာနချုပ်များအလိုက် အမှတ်တရပစ္စည်း အရောင်းဆိုင်နှင့် မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာအရောင်းဆိုင်၊ စာအုပ်အရောင်းဆိုင်နှင့် တပ်မတော်မှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များအား ဆက်လက်ကြည့်ရှုအားပေးပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



.jpg)


