နေပြည်တော် ဇန်နဝါရီ ၂၇

 

ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု) တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ဖျာပုံခရိုင် ဖျာပုံမြို့နယ် ဓမင်းဆိပ်ကျေးရွာ ဆုတောင်းပြည့် အဏ္ဏဝါဦး စေတီတော်မြတ်တွင် အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၅၂ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၉၁ ဦး၊ ခွဲစိတ်ရောဂါ ၁၈ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၁ ဦး၊ ကလေး ရောဂါ ၅၀ ၊ အရိုးရောဂါ ၁၄၃ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၄၂ ဦး၊ မျက်စိရောဂါ ၁၄၆ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၄၁ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ကိုးဦး၊ မျက်စိခွဲစိတ်လူနာ တစ်ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၇ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၁၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၀ တို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေး ခြင်းများ ဆောင်ရွက်ပေးသည်။

 

 

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေ မှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲ ကြားသိခဲ့ရပါသည်-

 

“သမီးလုပ်တဲ့ သူကတော့ အမေဆေးခန်းသွားပြပါ။ ကိုယ်သွားပြလို့ရှိရင် လက်ထဲမှာ ပိုက်ဆံကတစ်ပြားမှ မရှိဘူးလေ။ မရှိတဲ့အတွက်ကြောင့် ကျွန်မလည်း သွားမပြဘဲနဲ့ ဝေဒနာကိုပဲ ခံစားရပါတယ်။ အခုလို ဆရာတို့ သင်္ဘောလာတဲ့အတွက် ကြားရတော့ အလွန်ပဲ ဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ မျက်စိခွဲပြီးသွားတော့ မြင်ရတာလည်း ကြည်လင်သွားပါတယ်။ ဆရာတို့ကိုလည်း မြင်တွေ့ရတယ်ဆိုတော့ အလွန်ပဲ ဝမ်းသာမိပါတယ်။ အခုလို ဆရာတို့နဲ့တွေ့တာ၊ ကျွန်မကို မျက်စိလေးကူညီပြီးတော့ ခွဲပေးတာ အလွန်ကျေးဇူးတင်ပါတယ်။ အိပ်ရာဝင်တိုင်းဝင်တိုင်းမှာ ဆရာတွေ အကုန်လုံးကို ကျန်းမာပါစေ ချမ်းသာပါစေလို့ ဆုတောင်း မေတ္တာပို့သပေးပါတယ်။”

 

“ကျွန်တော်က ဘာရောဂါလဲ ဆိုတော့ ဂေါက်ရောဂါပါ။ အရိုးအဆစ်တွေမှာ ဘုတွေ ထွက်တာပါ အဲ့တာကို လာခွဲတာပါ။ မတည့်တာစားလို့ ထွက်တယ်ပေါ့။ မတည့်တာတွေကို ရှောင်ပေးပါတဲ့။ ကျွန်တော်တို့ ကျေးရွာမှာလည်း တိုက်နယ်ဆေးရုံ ရှိတယ်။ သို့သော်ငြားလည်း ကျွန်တော်ခွဲမလို့ပါပဲ ဆရာဝန်က ပြောင်းသွားတယ်။ ပြောင်းရတယ်လေ။ အဲ့လိုပြောင်းရတဲ့ အခါကျတော့ ကျွန်တော် မခွဲရတော့ဘူး။ အခုလို ကျွန်တော်သွားခွဲမယ်ဆိုပြီး ရန်ကုန်ကို သွားခွဲရမှာဆိုတော့ ကိုယ်သွားချင်တဲ့ အချိန်သွားလို့မရဘူး။ အဖော်တစ်ယောက်ပါမှလေ ကျွန်တော့်မှာက နောက်ကလိုက်ပေးမယ့်သူ မရှိဘူး။ အခုလို နယ်လှည့်ဆေးလာကုပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်။ ခွဲစိပ်ပေးတဲ့ အတွက်လည်း အထူးပဲဝမ်းသာပီတိဖြစ်ပါတယ်။ ပါရဂူတွေ စုံလင်စွာပါတဲ့အတွက် အများပြည်သူ တွေလည်း ကုသခွင့်ရတဲ့အတွက် သူတို့ကိုယ်စား ဝမ်းသာပီတိ ဖြစ်မိပါတယ်။”

 

သတင်းစဉ်