နေပြည်တော် ဇန်နဝါရီ ၂၄

 

ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယ​နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် အမှတ်(၁၂)ရပ်ကွက်သို့ ရောက်ရှိကြရာ နယ်မြေခံတပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ ရပ်မိရပ်ဖများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြသည်။

 

အဆိုပါ နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့တွင် ဖျာပုံ မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးရုံး၌ အခြေပြု၍ အဆိုပါ မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများ မှ ဒေသခံပြည်သူ ၃၈၉ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၄၂ ဦး၊ ခွဲစိတ်ရောဂါ ၁၁ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၇ ဦး၊ ကလေးရောဂါ ၁၇ ဦး၊ အရိုးရောဂါ ၉၆ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၈ ဦး၊ မျက်စိရောဂါ ၄၃ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၃၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ယင်းတို့ အနက် အထွေထွေခွဲစိတ်လူနာ နှစ်ဦး၊ မျက်စိခွဲစိတ်လူနာ ငါးဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၉ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၂၇ ဦး၊ ECG စက် ဖြင့် နှလုံးစမ်းသပ်လူနာ ၁၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၇ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေး ခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့်လူနာ လေးဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံနှင့် ပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်