ရွှေတောင် မတ် ၂၆

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေတောင်မြို့နယ်၊ ကျောင်းကုန်းကျေးရွာအုပ်စု၊ မကျီးအင်းကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။

 

အခမ်းအနားတွင် ရွှေတောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသူက အဖွင့်အမှာစကား ပြောကြားပြီး ကွန်ကရစ်လမ်းလုပ်ငန်း ဆောင်ရွက်ခြင်းနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်း၊ ပြည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ) ဒေါ်သန်းသန်းချို၊ ရွှေတောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသူတို့က ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

 

မကျီးအင်းကျေးရွာ ကွန်ကရစ်လမ်း အရှည်ပေ ၇၀၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် တာဝန်ယူ၍ စက်တင်ဘာလ တတိယပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကွန်ကရစ်လမ်းဖွင့်ပွဲသို့ မကျီးအင်းကျေးရွာ ဒေသခံရပ်မိ၊ ရပ်ဖများ၊ ကျေးရွာသူ ကျေးရွာသားများ တက်ရောက်ကြကြောင်း သိရသည်။

 

သုတ