ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်အတွင်း PNLO အဖွဲ့၊ KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် ဒေသခံတိုင်းရင်းသား ပြည်သူများနေထိုင်ရာ မြို့ရွာရပ်ကွက်များတွင် အများပြည်သူ အဆောက်အအုံများကို ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။ တပ်မတော်က အကြမ်းဖက်သမားများကို ရှင်းလင်းဖယ်ရှားပြီး ပြန်လည်ပြုပြင် တည်ဆောက်မှုများကို စက်တင်ဘာလ ၄ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ရေခံမြေခံကောင်းများ ပိုင်ဆိုင်ထားသည့် ဒေသတစ်ခု ဖြစ်သည်။ အဆိုပါဒေသတွင် ပအိုဝ်းတိုင်းရင်းသားအများစု အေးချမ်းစွာ လုပ်ကိုင်နေထိုင် စားသောက်လျက်ရှိသည်။ သို့သော်အစဉ်အဆက် တည်ငြိမ်အေးချမ်း၍ ရိုးသားအေးချမ်းစွာ နေထိုင်ခဲ့ကြသော ပအိုဝ်းတိုင်းရင်းသားတို့၏ ဒေသကို PNLO အကြမ်းဖက်အဖွဲ့က အခွင့်ကောင်း တစ်ခုအဖြစ် မျှော်မှန်းပြီး ကျူးလွန်ခဲ့သည့် မိုက်မဲသည့်လုပ်ရပ်ကြောင့် မြို့ရွာများပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ PNLO အကြမ်းဖက်အဖွဲ့သည် KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ မြှောက်ပင့်စည်းရုံးမှုကြောင့် ဒေသအတွင်းအာဏာတည်ဆောက်နိုင်ရေး၊ အကြမ်းဖက် အုပ်ချုပ်ရေးအတွက် လူမျိုးတူ ပအိုဝ်းတိုင်းရင်းသားတို့အပေါ် စာနာမှုကင်းမဲ့စွာဖြင့် အကြမ်းဖက် လုပ်ရပ်များကို လုပ်ကိုင်ခဲ့သောကြောင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ထိခိုက်ဆုံးရှုံးပျက်ပြားခဲ့ရသည်။
ထို့ကြောင့် PNLO အကြမ်းဖက်အဖွဲ့၏ မိမိလူမျိုးအချင်းချင်းအပေါ် သစ္စာမဲ့စွာ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များကို မည်သို့မျှလက်ခံနိုင်ခြင်းမရှိသဖြင့် ပတ်ဝန်းကျင်ရှိကျေးရွာများမှ ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် ရွာလုံးကျွတ်နီးပါး အင်အားစုစည်း၍ တပ်မတော်၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းလက်တွဲပြီး အကြမ်းဖက် အပေါင်းပါအဖွဲ့များ၏လက်မှ ဆီဆိုင်ဒေသကို အမြန်ဆုံးပြန်လည် ရယူထိန်းချုပ်နိုင်ခဲ့သည်။ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ယာယီနေရပ်စွန့်ခွာ နေထိုင်ကြရသည့် ဒေသခံတိုင်းရင်းသားပြည်သူများလည်း မူရင်းဒေသသို့ ပြန်လည်ဝင်ရောက်ပြီး အေးချမ်းစွာ နေထိုင်လုပ်ကိုင်လျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားဒေသများ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။
“ဒေသတစ်ခု၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်သည်မှာ ဒေသခံ ပြည်သူများသာ ဖြစ်သကဲ့သို့ ဒေသမတည်ငြိမ်မှုများနှင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျအောင် ဆောင်ရွက်သည်မှာလည်း ဒေသခံပြည်သူများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများအနေဖြင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဒေသတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူတကွ ဝိုင်းဝန်း ဖော်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ဒေသအကျိုးကို အမြင်ကျယ်ကျယ်ဖြင့်ကြည့်၍ အသိဉာဏ်ပွင့်လင်းပြီး အပြုသဘောဆောင်သည့် လုပ်ဆောင်မှုများဖြင့် ဖော်ဆောင် ကြရမည်ဖြစ်ကြောင်း” နိုင်ငံတော်အကြီးအကဲက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်မှစတင်၍ လွိုင်ကော်ဒေသအတွင်း တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် လွိုင်ကော်ဒေသတွင် တိုက်ပွဲများ တစ်ချိန်တည်းဖြစ်ပေါ်ခဲ့သည်။ ဆက်လက်၍လည်း ရခိုင်ပြည်နယ်နှင့် အချို့ဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။ တပ်မတော်မှ အရာရှိစစ်သည်များနှင့် မိသားစုဝင်များပါ သောင်းကျန်းသူများကို ကြံ့ကြံ့ခံ ပြန်လည်တိုက်ခိုက်ခဲ့ကြသည်။ တပ်မတော်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်လျက်ရှိသည်။ အကြမ်းဖက်သောင်းကျန်းသူများ မြို့ရွာများသို့ ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးမှုများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့များက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် စဉ်ဆက်မပြတ် စွန့်လွှတ် စွန့်စားကာကွယ်ပေးလျက်ရှိသည်။
သို့ဖြစ်ရာ သောင်းကျန်းသူအဖျက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက် ပျက်စီးရသည့် မြို့များအပါအဝင် ပတ်ဝန်းကျင်ရှိကျေးရွာများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့က တတ်စွမ်းသရွေ့ ဆောင်ရွက်ပေးလျက် ရှိသည်။ ဒေသတစ်ခု၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ရပ်တန့်နေ၍မရဘဲ ရှေ့သို့အဆက်မပြတ် ဆက်လက်လှမ်းချီနေလျက်ရှိသည်။ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ ဝိုင်းဝန်းပူးပေါင်းလက်တွဲ ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
ကြေးမုံ