ဇီးကုန်း ၁၄ ဩဂုတ်
အမှတ်(၆၆)ခြေမြန် တပ်မဌာနချုပ် နယ်လှည့်ဆေး ကုသရေးအဖွဲ့သည် ဩဂုတ် ၁၄ ရက် နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက် ရွှေဘုံသာဘုန်းတော်ကြီးကျောင်းတွင် ယာယီပြောင်းရွှေ့ နေထိုင်ကြသော ရေဝင်အိမ်များမှ ရေဘေးရှောင် အိမ်ထောင်စုဝင်များအား ကျန်းမာရေး စောင့်ရှောက် ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်ဆေးကုသရေးအဖွဲ့အား ခမရ(၄) တပ်ရင်းမှူး ဗိုလ်မှူးနေလင်းအောင်၊ စစ်မြေပြင်ဆေးတပ်ရင်း ဗိုလ်ကြီး ထွန်းလင်းဇော်တို့က ဦးဆောင်၍ ရေဘေးရှောင် အိမ်ထောင်စုဝင်များအား လိုအပ်သော ဆေးကုသမှုများကို ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာသို့ အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ် ဒု-တပ်မမှူး ဗိုလ်မှူးကြီးစန်းယုနိုင်၊ ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး တင့်နိုင်ထွန်းတို့က ကြည့်ရှုအားပေးခဲ့ပြီး ရေဘေးရှောင် အိမ်ထောင်စုဝင်များအတွက် ဆန်အိတ်၊ ဆီပုံး၊ ခေါက်ဆွဲခြောက်နှင့် ရေသန့်ဗူးများအား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် ဩဂုတ်လ ၁၁ ရက်ညပိုင်းမှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မင်းဘူး ချောင်းရေများလျှံတက်က အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်နှင့် မော်ရအုပ်စုတို့ရှိ နေအိမ်ခြံဝန်းများအတွင်း ရေများဝင်ရောက်ခဲ့ရာ အဆိုပါနေအိမ်များမှ အိမ်ထောင်စုဝင်များ နီးစပ်ရာ ဆွေမျိုးများနှင့် ရွှေဘုံသာဘုန်းတော်ကြီးကျောင်းသို့ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲ့ရေးအဖွဲ့မှ ပြောင်းရွှေ့စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ဇီးကုန်း)


