နေပြည်တော် ဇန်နဝါရီ ၂၄

 

တနင်္သာရီ ကမ်းရိုးတန်းဒေသ တစ်လျှောက်မှ ဒေသခံပြည်သူများ၊ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီး ဟိုင်းကြီးကျွန်းမြို့နယ် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့် အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ပုလဲ ကျွန်းသို့ရောက်ရှိရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ ရပ်ဖများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက သောင်းသောင်းဖျဖျ ကြိုဆို နှုတ်ဆက်ကြသည်။

 

အဆိုပါနယ်လှည့်ဆေးကုသ ရေးအဖွဲ့သည် ယနေ့တွင် ဘုတ်ပြင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ပုလဲ ကျွန်း၌အခြေပြု၍ ပုလဲကျွန်းနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၃၂၀ အား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၉၇ ဦး၊ ခွဲစိတ်ရောဂါ ၂၄ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၂ ဦး၊ ကလေးရောဂါ ၂၀၊ အရိုးရောဂါ ၅၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၁၀ ဦး၊ မျက်စိရောဂါ ၅၉ ဦးနှင့် သွားနှင့် ခံတွင်းရောဂါ ၃၃ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ယင်းတို့အနက် အထွေထွေ ခွဲစိတ်လူနာ လေးဦး၊ မျက်စိခွဲစိတ်လူနာ လေးဦး၊ ဓာတ်မှန်ရိုက်လူနာ ငါးဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၁၆ ဦး၊ ECG စက် ဖြင့် နှလုံးစမ်းသပ်လူနာ ၄၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၀ တို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သည့်လူနာ နှစ်ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

 

ထိုသို့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိခဲ့ရသည်။

 

အမျိုးသား

အရင်က ကျွန်တော် မြိတ်မြို့ မှာ ပြပါတယ်။ အခု မြိတ်ထိ သွားစရာမလိုဘဲ ပုလဲကျွန်းမှာ ပြရပါတယ်။ ရောဂါက မျက်စိနဲ့ သွေးတိုး အဖြစ်များပါတယ်။ မျက်စိကတော့ ပိုကောင်းလာတယ်။ ကျေးဇူးတင်ပါတယ်။ ဆေးလည်း ပေးပါတယ်။ ဆရာဝန်ကတော့ မျက်စိကို နောက်မှ ခွဲစိတ်ပေး မယ်ပြောပါတယ်။ ဆေးတွေ လည်း ပေးလိုက်ပါတယ်။

 

အမျိုးသမီး

ဆီးချိုသွေးချို လာပြတာပါ။ မြို့ကြီးပြကြီး မသွားရတော့ဘူး။ ခရီးဝေးဝေး မသွားရတော့ဘူးပေါ့။ နောက်ဆုံး မြို့သွားနေရရင် ပိုက်ဆံတွေ အများကြီး ကုန်မယ်။ ဒီမှာဆိုတော့ ဘာမှကုန်ကျစရိတ်မရှိဘူးပေါ့။ အခုလို သံလွင်သင်္ဘောမှာပဲ ခါးတွေ နာလို့၊ သွားကိုက်လို့ ပြဖူးပါတယ်။ မြို့တွေမသွားရဘဲ ဒီမှာ တစ်ခါတည်းပြရတော့ အဆင်ပြေတာပေါ့။ အကုန်လုံးက စေတနာဖြူစင်စွာနဲ့ ကုသပေးပါတယ်။ ကောင်းပါတယ်။ အခုလို ဆေးကုသ ပေးတဲ့အဖွဲ့ လာရောက်ကုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သတင်းစဉ်