တရားစီရင်ရေးတွင် စီရင်ချက်၊ စီရင်ထုံးများ၏ အခန်းကဏ္ဍ

မောင်စာဂ
 

နိုင်ငံတော်တည်ဆောက်ရာတွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသည့် မဏ္ဍိုင်ကြီးသုံးရပ်ဖြင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းဆောင်ရွက်သည်ဟု ဆိုထားရာ ဥပဒေဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ သိရှိလေ့လာနိုင်ရန် စာရေးသူ မောင်စာဂ၏ ဥပဒေနှင့်စပ်ဆိုင်သော ဆောင်းပါးများကို ဖော်ပြပေးသွားပါမည်။ ဆောင်းပါးတွင်ပါရှိသည့် အကြောင်းအရာများသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။

စီရင်ချက်၊ စီရင်ထုံးနှင့် သက်ဆိုင်သမျှဆောင်းပါးများကို ဆက်တိုက်ရေးနေမိသည်။ တရားစီရင်ရေးတွင် စီရင် ချက်နှင့်စီရင်ထုံးတို့၏ အခန်းကဏ္ဍကိုလည်းရေးသားပါမှ ပြည့်စုံနိုင်မည်ဖြစ်၍ ဤဆောင်းပါးကို ရေးသားလိုက်ရ ပြန်ပြီ။

 

စီရင်ထုံးထွက်ပြီဆိုလျှင်

စီရင်ထုံးများကို ပြက္ခဒိန်နှစ်အလိုက် နှစ်စဉ်ထုတ်ဝေ သည်။ နှစ်တစ်နှစ်ကုန်ဆုံးသွားသည်နှင့် စီရင်ထုံးစာအုပ် ကို မျှော်ရသည်။ မထွက်သေးဘူးလား၊ မထွက်သေးဘူး လားဆိုပြီး စုံစမ်းမေးမြန်းနေရသည်။ စီရင်ထုံးထွက်တာ ကြာတတ်သည်။ နောက်နှစ် ၇ လပိုင်း၊ ၈ လပိုင်းလောက်ကျ မှရသည်။ တချို့ဆိုလျှင် နှစ်ကုန်ခါနီးမှရသည်။

စီရင်ထုံးထွက်သည်နှင့် ဝယ်ဖြစ်အောင်ဝယ်သည်။ မိတ်ဆွေ၊ အပေါင်းအသင်း၊ ဆရာသမားများအား လက်ဆောင်ဂါရဝပြုနိုင်ရန် ပို၍ဝယ်သည်။ အကြမ်းဖျင်း တစ်ခေါက်လောက်တော့ အစအဆုံး ဖတ်လိုက်ဖြစ်သည်။ သစ်လွင်လန်းဆန်းသော ဥပဒေအတွေး၊ အမြင်များရ သည်။ စီရင်ထုံးတွေ စဉ်ဆက်မပြတ် လေ့လာဖတ်ရှုခဲ့သော ကြောင့် ဤအချိန် ဤအခါတွင် ဤသို့သော ဆောင်းပါး တွေ ရေးဖြစ်လာရတာပါလားလို့ တွေးထင်မိသည်။

 

စီရင်ထုံးသည် ရှေ့နေများ၏လက်နက်

စီရင်ထုံးသည် ရှေ့နေများ၏ လက်နက်သဖွယ်ဖြစ် ကြောင်း ဆောင်းပါးတစ်ခုတွင် ဤသို့ ရေးသားခဲ့ဖူး သည်။ "တရားခွင်ကိုစစ်မြေပြင်နှင့်ပမာပြပုံပြုဆိုပါရစေ။ စစ်မြေပြင်တွင် နှစ်ဖက်ရင်ဆိုင်တိုက်ခိုက်ရာ၌ စစ်နည်းဗျူဟာကြွယ်ဝမှုနှင့် မိမိစစ်သည် လက်နက် အင်အားကို မှန်ကန်စွာအသုံးချတတ်မှုသည် အရေးပါ သည့်အချက်ဖြစ်သည်။ ထို့အတူ တရားခွင်တွင် နှစ်ဖက် အကျိုးဆောင်ရှေ့နေကြီးများ စကားစစ်ထိုးရာ၌ စကား ပရိယာယ်ကြွယ်ဝဖို့လိုသလို အဓိကလက်နက်အင်အား ဖြစ်သည့် ဆိုင်ရာဆိုင်ရာဥပဒေနှင့် စီရင်ထုံးများကို နှံ့စပ် ပိုင်နိုင် တတ်သိလိမ္မာကျွမ်းကျင်စွာဖြင့် ထုတ်နုတ်အသုံးချ တတ်ဖို့ရန် လွန်စွာအရေးကြီးလှသည်။ အပြန်အလှန် လျှောက်လဲချေပခြင်းများအတွက် အဓိကလက်နက်မှာ ဥပဒေအပေါ်တတ်သိနားလည်မှုနှင့်အတူ လက်နက်ကြီးစစ်ကူအားဖြည့်သုံးသည့်အလား ဆိုင်ရာဆိုင်ရာ စီရင်ထုံး များကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုးကားနိုင်သူက အောင်ပွဲရ မည်မှာ ထင်ရှားသည်"။


ထို့ကြောင့် စီရင်ထုံးထွက်ပြီဆိုလျှင် ရှေ့နေတွေ မဖြစ် မနေ ဝယ်ကြသည်။ ဥပဒေသမားတွေ၊ ဥပဒေကိုစိတ် ပါဝင်စားသူတွေအားလုံး ဝယ်ယူဖတ်ရှုလေ့လာကြသည်။ စီရင်ထုံးများသည် ရှေ့နေများ၏ လက်နက်၊ ဥပဒေသမား များ၏ လမ်းပြကြယ်ဟုဆိုလျှင် မှားအံ့မထင်။

 

စီရင်ထုံးနောက်သို့ လိုက်ပါရန်မဟုတ်

စီရင်ထုံးများကို များများဖတ်ဖို့ တိုက်တွန်းလိုသည်။ သို့ရာတွင် စီရင်ထုံးနောက်သို့ လိုက်ပါသွားရန် မဟုတ်ပါ။ စီရင်ထုံးသည် စီရင်ထုံးသာဖြစ်သည်။ အမှန်တကယ် လက်ကိုင်ထားရမည်မှာ ဥပဒေသာဖြစ်သည်။ ဥပဒေ ထက် စီရင်ထုံးကို အားကိုးပြီး စီရင်ထုံးနောက်သို့ ပါမသွားမိစေရန် သတိအမြဲရှိနေရမည်။

စီရင်ထုံးများများဖတ်လျှင် ဥပဒေအတွေး၊ ဥပဒေ အမြင်များများရသည်။ ဥပဒေကိုဖတ်ရှုလေ့လာရာတွင် အလွယ်တကူ ရှင်းရှင်းလင်းလင်းသိနားလည်နိုင်သည်။ ဥပဒေကိုဖတ်ရှုသည့်အခါ ဥပဒေ၏ အောက်ကနေပြီး ဖတ်ရှုတတ်ခြင်း၊ ဥပဒေနှင့်ရင်ပေါင်တန်း၍ ဖတ်ရှုနိုင် ခြင်း၊ ဥပဒေကို အပေါ်စီးကနေ၍ ဖတ်ရှုနိုင်ခြင်းဟူ၍ အမျိုးအစား သုံးမျိုးရှိရာ စီရင်ထုံးများများဖတ်လျှင် ဥပဒေကို အပေါ်စီးကနေ၍ ဖတ်ရှုနိုင်ကြမည်။

 

စီရင်ထုံးများများဖတ်ချင်သည်

စီရင်ထုံးသည် စီရင်ချက်မှဖြစ်လာရသည်။ သို့ရာတွင် စီရင်ချက်တိုင်းသည် စီရင်ထုံးဖြစ်မလာပါ။ အမြင့်ဆုံး ဖြစ်သော တရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော်များ က ဆုံးဖြတ်ချမှတ်သောစီရင်ချက်များထဲမှ သင့်မြတ်ကောင်းမွန်သောစီရင်ချက်များကိုသာ စိစစ်ရွေးချယ်ပြီး စီရင်ထုံးပြုသည်။ မြို့နယ်တရားရုံး၊ ခရိုင်တရားရုံး၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်တို့က ချမှတ် သော စီရင်ချက်များကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်အထိ အယူခံမှု၊ ပြင်ဆင်မှုတင်သွင်း လျှောက် ထားလာခြင်းမရှိခဲ့လျှင် ယင်းစီရင်ချက်များသည် မည်သည့်အခါမှ စီရင်ထုံးအဖြစ်ရောက်ရှိမလာနိုင်ပါ။

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပြုစုထုတ်ဝေ သော စီရင်ထုံးစာအုပ်များကို လေ့လာရာတွင် ၂၀၁၁ ခုနှစ်၌ ရာဇဝတ်မှုစီရင်ထုံး ၁၃ ခုနှင့် တရားမမှုစီရင်ထုံး ၁၄ ခု၊ ၂၀၁၂ ခုနှစ်၌ ရာဇဝတ်မှုစီရင်ထုံး ရှစ်ခုနှင့် တရားမမှု စီရင်ထုံး ၁၀ ခု၊ ၂၀၁၃ ခုနှစ်၌ ရာဇဝတ်မှုစီရင် ထုံး ခုနစ်ခုနှင့် တရားမမှုစီရင်ထုံး ၁၁ ခု၊ ၂၀၁၄ ခုနှစ်၌ ရာဇဝတ်မှုစီရင်ထုံး ခြောက်ခုနှင့် တရားမမှုစီရင်ထုံး ၁၅ ခု၊ ၂၀၁၅ ခုနှစ်၌ရာဇဝတ်မှုစီရင်ထုံး သုံးခု၊ တရားမမှု စီရင်ထုံး ၁၇ ခု၊ ၂၀၁၆ ခုနှစ်၌ရာဇဝတ်မှုစီရင်ထုံး လေးခု နှင့် တရားမမှုစီရင်ထုံး ၁၅ ခု၊ ၂၀၁၇ ခုနှစ်၌ ရာဇဝတ်မှု စီရင်ထုံး ခုနစ်ခုနှင့် တရားမမှုခင်း ၁၄ ခု၊ ၂၀၁၈ ခုနှစ်၌ ရာဇဝတ်မှုစီရင်ထုံး ငါးခုနှင့် တရားမမှုခင်း လေးခုတို့ကို စီရင်ထုံးပြုနိုင်ခဲ့သည်ကို တွေ့ရသည်။

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် နှစ်တစ်နှစ်၌ စီရင်ဆုံးဖြတ်ခဲ့သော စီရင်ချက်များ ရာဇဝတ်မှုခင်း၊ တရားမမှုခင်းတစ်မျိုးစီ၌ ရာနှင့်ချီ၍ အဆုံးအဖြတ်ပြုနေရ သည်ဟု ခန့်မှန်းရသည်။ စီရင်ထုံးအဖြစ်ရောက်ရှိလာ သော စီရင်ချက်များကိုကြည့်လျှင် ဆယ်ဂဏန်းကျော်နှင့် ဆယ်ဂဏန်းအောက်တွင်သာ ရှိသည်။ စီရင်ထုံးဖြစ်လာ သည့် စီရင်ချက်အနည်းငယ်သာရှိသည်။ စီရင်ထုံးအသစ် များများဖတ်ချင်လှပါသည်။

 

စီရင်ချက်မှ စီရင်ထုံးပြုရာတွင်

စီရင်ထုံးပြုရာမှာလည်း စီရင်ထုံးပြုစုရေးအဖွဲ့က သေချာစိစစ်ရသည်။ စီရင်ထုံးအဖြစ် ထုံးပြုသင့်သော စီရင်ချက်များကိုသာ ရွေးချယ်ရသည်။ စီရင်ထုံး အဖြစ် ထုံးပြုသင့်သော်လည်း ထိုကဲ့သို့ စီရင်ထုံးမျိုး ယခင်ကရှိခဲ့ပြီးဖြစ်လျှင် ထိုစီရင်ချက်မျိုးကို ချန်ထား တတ်သည်။ စီရင်ထုံးပြုထိုက်သော စီရင်ချက်တွေ များများရှိနေမှ စီရင်ထုံးတွေ များများထွက်ပေါ်လာ နိုင်မည်။

 

မြန်မာနိုင်ငံလုံးဆိုင်ရာ စီရင်ထုံးကို မျှော်လင့်နေသည်

အိန္ဒိယနှင့် မြန်မာနိုင်ငံသည် ကျင့်သုံးသော ဥပဒေ တော်တော်များများတူညီသည်။ အိန္ဒိယနိုင်ငံ၌ ပြည်နယ် တော်တော်များများရှိသည်။ ပြည်နယ်တိုင်းတွင် တရား လွှတ်တော်များရှိသည်။ ပြည်နယ်တရားလွှတ်တော်များ ၏ စီရင်ချက်များကိုလည်း စိစစ်ရွေးချယ်ပြီး စီရင်ထုံး များထုံးဖွဲ့သည်။ အားလုံးကို စုပေါင်း၍ အိန္ဒိယနိုင်ငံလုံး ဆိုင်ရာ စီရင်ထုံး (အေအိုင်အာရ်) ကို ၁၉၂၃ ခုနှစ်ကစတင် ၍ ထုတ်ဝေခဲ့သည်။ တစ်ချိန်က မြန်မာနိုင်ငံသည် အိန္ဒိယ ပြည်နယ်တစ်ခုဖြစ်၍ မြန်မာနိုင်ငံတရားလွှတ်တော်ချုပ် ကချမှတ်သော စီရင်ချက်များကိုလည်း စီရင်ထုံးပြု၍ အိန္ဒိယနိုင်ငံလုံးဆိုင်ရာ စီရင်ထုံးများတွင် ထည့်သွင်း ထုတ်ဝေခဲ့ဖူးသည်။

 

တရားလွှတ်တော်စီရင်ထုံးများ ပေါ်ထွန်းစေလို

မြန်မာနိုင်ငံတွင်လည်း ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် တရားလွှတ်တော်များ ထားရှိ သည်။ တရားလွှတ်တော်၏စီရင်ရေးအာဏာများသည် လည်း ကြီးမားသည်။ ယခင်က မြန်မာနိုင်ငံ၏ တရား လွှတ်တော်သည် တစ်ခုတည်းသာရှိပြီး တရား လွှတ်တော်ချုပ်နှင့်အတူ ရန်ကုန်မြို့ တရားရုံးချုပ်၌ ပင်ရှိသည်။ ယင်းအချိန်ကရှိသော တရားလွှတ်တော်၏ တရားစီရင်ပိုင်ခွင့်အာဏာနှင့် ယခု တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်ရှိသော တရားလွှတ်တော်များ၏ တရားစီရင်ရေးအာဏာသည် အတူတူပင်ရှိသည်။ ယခင်က တရားလွှတ်တော်ချုပ်၏ စီရင်ထုံးများ ထွက်ရှိ သကဲ့သို့ တရားလွှတ်တော်၏ စီရင်ထုံးများလည်း ရှိခဲ့သည်။ ၁၉၆၂ ခုနှစ်မှစတင်၍ တရားလွှတ်တော်ဟူ၍ မရှိတော့သဖြင့် တရားလွှတ်တော်စီရင်ထုံးများလည်း တိမ်မြုပ်ခဲ့သည်။ ယခု တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ တရားလွှတ်တော်များက ချမှတ်သော စီရင်ချက်များထဲတွင် ကောင်းမွန်သော စီရင်ချက်များရှိ နိုင်ပါသည်။ စီရင်ထုံး ထုံးဖွဲ့သင့်သော စီရင်ချက်များကို စီရင်ထုံးအဖြစ် ထွက်ပေါ်လာမည်ဆိုလျှင် တရားလွှတ် တော်စီရင်ထုံးများ ပြန်လည်ဖတ်ရတော့မည်။ ပို၍ကောင်းမွန်လာလေမည်လား အတွေးဝင်မိသည်။

 

တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ တရား လွှတ်တော်များက ချမှတ်ထားသော စီရင်ချက်များကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပြင်ဆင်မှု အယူခံမှု တင်သွင်းခြင်းမရှိသည့် စီရင်ချက်များရှိသည်။ ကောင်းမွန်သော စီရင်ချက်များရှိနိုင်သည်။ ယင်းစီရင် ချက်များထဲမှ စီရင်ထုံးအဖြစ် ရွေးချယ်သင့်သော စီရင် ချက်များကို စီရင်ထုံးပြုသင့်သည်။ ပြည်ထောင်စုတရား လွှတ်တော်ချုပ်က စီရင်ထုံးများပြုစု၍ မြန်မာနိုင်ငံ လုံးဆိုင်ရာ စီရင်ထုံးများစာအုပ် ထုတ်ဝေနိုင်ခဲ့သော် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်စီရင်ထုံး၊ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် စီရင်ထုံး၊ မွန်ပြည်နယ် တရားလွှတ်တော်စီရင်ထုံးစသည် ထွက်ရှိ လာတော့မည်။ တရားစီရင်ရေး အရည်အသွေးတွေ အားကောင်းမောင်းသန်ဖြစ်လာမည်။ တစ်နှစ်တည်းတွင် စီရင်ထုံးများ အတွဲ (၁) ၊ အတွဲ(၂)၊ အတွဲ(၃) ဟူ၍ မြင်ရ တော့မည်။ စီရင်ထုံးတွေများများဖတ်ရတော့မည်။ သို့သော် ဘယ်ချိန်ဘယ်ခါဟူ၍တော့ မခန့်မှန်းနိုင်။ ဤသည်မှာ မိမိဆန္ဒနှင့် မျှော်လင့်ချက်သက်သက်မျှ သာပါ။

 

စီရင်ချက်၊ စီရင်ထုံးများ၏ အခန်းကဏ္ဍ

မြန်မာနိုင်ငံ၏ တရားစီရင်ရေး သမိုင်းကြောင်းဖြစ်စဉ် တစ်လျှောက်လုံး၌ တရားစစ်ဆေးစီရင်မှုနှင့်အတူ စီရင်ထုံးများက ယှဉ်တွဲ၍ လိုက်ပါလာသည်။ စီရင်ထုံး များကို ပစ်ပယ်၍မထားခဲ့။ စီရင်ထုံးများဖြင့် တရားနည်း လမ်းမှန်ကန်မှုကို ထိန်းညှိပေးနိုင်ခဲ့သည်။ စီရင်ထုံးများ ဖြင့် တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်နိုင်စေခဲ့သည်။ တရားစီရင်ရေးမဏ္ဍိုင် မယိမ်းယိုင်စေရေး စီရင်ထုံးများက ဒေါက်တိုင်များသဖွယ် ထောက်ပေးနိုင်ခဲ့သည်။ မြန်မာ တရားစစ်ဆေးစီရင်မှုတွင် စီရင်ချက်၊ စီရင်ထုံးများ၏ အခန်းကဏ္ဍသည် ထည်ထည်ဝါဝါ၊ အရေးပါလျက်ရှိနေ ကြောင်းပါဗျာ။


စီရင်ချက်များမှသည် အမှန်တကယ် ထုံးပြုနည်းမှီ နိုင်သော စီရင်ထုံးများ ပိုမိုထုံးဖွဲ့နိုင်ပါစေ၊အားကောင်းခိုင်မာသော စီရင်ထုံးများဖြင့် တရားရေး မဏ္ဍိုင်ကြံ့ခိုင်ရေး ပိုမိုအသုံးပြုနိုင်ပါစေ၊စီရင်ထုံးများက စီရင်ချက်များအတွက် မှတ်ကျောက် သဖွယ်စစ်ဆေးပေးနိုင်ပါစေ။ ။