တရားလွှတ်တော်ရှေ့နေများ ကောင်စီအစည်းအဝေး အမှတ်စဉ် ၂/၂၀၂၂ ကျင်းပ

နေပြည်တော် ဧပြီ ၂၉

တရားလွှတ်တော်ရှေ့နေများ ကောင်စီအစည်းအဝေး အမှတ်စဉ် ၂/၂၀၂၂ ကို နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၊ Cluster–1, တိုက်အမှတ် (၆)ရှိ တရားလွှတ်တော်ရှေ့နေများ ကောင်စီရုံးတွင် ကျင်းပသည်။

လွှဲပြောင်းပေးခဲ့

အစည်းအဝေးတွင် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ တရားလွှတ်တော်ရှေ့နေများ ကောင်စီဥက္ကဋ္ဌ ဒေါက်တာသီတာဦးက ယနေ့အစည်းအဝေးတွင် ရှေ့နေကျင့်ဝတ်ဖောက်ဖျက်သည့် တရားလွှတ်တော်ရှေ့နေများအပေါ် အရေးယူမှုပြုလုပ်ရန် သင့်၊ မသင့်နှင့် တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားသည့် အထက်တန်းရှေ့နေ ၁၂၁ ဦးတို့ကို Enrol စိစစ်ပြီးဖြစ်၍ အစည်းအဝေးတွင် ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ပြီး တရားလွှတ်တော်ရှေ့နေများ ကောင်စီအနေဖြင့် ကန့်ကွက်ရန် ရှိ၊ မရှိကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ သဘောထား ပြန်ကြားပေးရမည်ဖြစ်ကြောင်း၊ ကောင်စီဝင်များက သုတေသနစာတမ်းများ တင်ပြရန်ရှိက တင်ပြနိုင်ပါကြောင်း၊ တရားလွှတ်တော်ရှေ့နေများ၏ ရှေ့နေကျင့်ဝတ်ဆိုင်ရာများ၊ ဥပဒေ လက်တွေ့အသုံးချမှုများ၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝန်ကြီးဌာနများ၏ ဥပဒေအကောင်အထည်ဖော်ဆောင်ခဲ့မှုများ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ ကိစ္စများအတွက် သင်တန်းများ ပို့ချပေးရန် ကောင်စီ၌ စီစဉ်သင့်ကြောင်း၊ တရားလွှတ်တော်ရှေ့နေများ ကောင်စီ၏ Logo တံဆိပ် သတ်မှတ်နိုင်ရေးကိစ္စ၊ ပြက္ခဒိန်နှင့် DIARY စာအုပ် ထုတ်ဝေနိုင်ရေးကိစ္စများကို ဆွေးနွေးပေးကြစေလိုကြောင်း၊ တရားလွှတ်တော်ရှေ့နေ ဟုတ်၊ မဟုတ် စိစစ်ပြန်ကြားပေးရန် ကိစ္စများလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က အခါအားလျော်စွာ မေးမြန်းစုံစမ်းမှုများရှိ၍ စိစစ်ပြန်ကြားပေးခဲ့ရခြင်းများလည်းရှိကြောင်း၊ နောက်တစ်ချက်အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် အထက်တန်းရှေ့နေ လိုင်စင်သက်တမ်းတိုးရန် ပျက်ကွက်ခဲ့ပြီး(နှစ်လွန်) အထက်တန်းရှေ့နေလိုင်စင် သက်တမ်းတိုးခွင့်ပြုရန် အသနားခံစာများကို တရားလွှတ်တော်ရှေ့နေများ ကောင်စီက လက်ခံရရှိခဲ့၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ တရားလွှတ်တော်ရှေ့နေ မှတ်ပုံတင်ကတ် (Smart Card)များကို တစ်ကတ်လျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ပြုလုပ်ပေးလျက်ရှိကြောင်း ပြောကြားပြီး အစည်းအဝေးကို အစည်းအဝေး အစီအစဉ်များအတိုင်း ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ တရားလွှတ်တော်ရှေ့နေများ ကောင်စီဥက္ကဋ္ဌ ဦးဆောင်၍ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ တရားလွှတ်တော် ရှေ့နေများဖြစ်ကြသော ဦးမြသိန်း၊ ဒေါ်ခင်နုသာ၊ ဦးလှဟန်၊ ဦးစိုးမြင့်၊ ဦးစိုးသိန်း၊ ဦးဝင်းဖေ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး၊ တရားလွှတ်တော် ရှေ့နေများကောင်စီအတွင်းရေးမှူး ဥပဒေရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီသီမြင့်နှင့် ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါ်တင့်တင့်ဟန်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်