မျက်မှောက်ကာလတွင် တွေ့ကြုံနေရသော အမုန်းတရားများ၊ အာဃာတများ၊ ပဋိပက္ခများ၊ အကြမ်းဖက်မှုများ မရပ်ဘဲ ဆက်ကာဆက်ကာ ဖြစ်ပွားနေရခြင်း အကြောင်းရင်းများတွင် ဆိုင်ရာဆိုင်ရာ ဘာသာတရားများ၏ အဆုံးအမဩဝါဒများနှင့်အညီ လိုက်နာကျင့်ကြံအားထုတ်မှု အားနည်းသောကြောင့်ဟု ဆိုရမည်ဖြစ်သည်။

ဘာသာတရားအားလုံးတို့သည် မေတ္တာတရားကို အခြေခံထားသည့် သဘောကို ဘာသာတိုင်းက လက်ခံကြမည်ဖြစ်သည်။ မေတ္တာတရားသည် သတ္တဝါများအပေါ်တွင် ထားရှိသည့် ကောင်းမွန်သော စိတ်ထားဖြစ်သည်။ မည်သူမဆို၊ မည်သူ့အပေါ်တွင်မဆို မေတ္တာတရားထားရှိသည်နှင့် စိတ်ကောင်းနှလုံးကောင်းရှိသူဖြစ်လာပြီး စိတ်၏ငြိမ်းချမ်းခြင်းကို ပေးစွမ်းနိုင်သည်သာမက လူမှုပတ်ဝန်းကျင်ကိုပါ ငြိမ်းချမ်းစေသည်။

မေတ္တာတရားကိုအခြေခံသည့် ဘာသာတရားအဆုံးအမများသည် တရားမျှတမှုနှင့် သဟဇာတဖြစ်မှုတို့ကို ပိုမိုထွန်းကားစေသည်။ ထို့ကြောင့် ဘာသာတရားအဆုံးအမနှင့် သွန်သင်မှုများသည် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကောင်းကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် လမ်းညွှန်ချက်များအဖြစ် ခံယူထားကြသည်။

ယင်းနှင့်စပ်လျဉ်း၍ နိုဝင်ဘာလ ၁၄ ရက်နေ့က ပြုလုပ်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ)အဖွဲ့၏ တတိယအကြိမ် အကြံပြုဆွေးနွေးဝိုင်းတွင် သဟဇာတဖြစ်မှုနှင့် တရားမျှတမှုတို့သည် ဘာသာတရားအများအပြား၏ အဆုံးအမဩဝါဒများအနက် အခြေခံအကျဆုံး သဘောတရားများပင်ဖြစ်ပါကြောင်း၊ အဆုံးအမဩဝါဒများအတိုင်း နာခံကျင့်ကြံကြခြင်းဖြင့် မိမိတို့မြန်မာနိုင်ငံ၌ အဆုံးတစ်နေ့တွင် တရားမျှတမှုနှင့် သဟဇာတဖြစ်မှုတို့ ထွန်းကားလာမည်မှာသေချာပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဘာသာကြီးလေးမျိုး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လျက်ရှိသည်ကို ဝမ်းမြောက်ဖွယ် မြင်တွေ့ရမည်ဖြစ်သည်။ သို့သော်ကောင်းမြတ်သော ဆိုင်ရာဘာသာတရား အဆုံးအမများအပေါ်တွင် အလေးအနက်ခံယူ လိုက်နာကျင့်သုံးမှုမရှိသူအချို့ကြောင့် အဖျက်သဘောဆောင်သော အင်အားစုများတိုးပွားပြီး လူ့ဘောင်လောက ငြိမ်းချမ်းသာယာမှုကို ထိခိုက်နေသည်။ ထို့ကြောင့် မိမိတို့ ဘာသာတရားအဆုံးအမများ ကိုအလေးအနက်ခံယူပြီး မတူကွဲပြားသော ကိုးကွယ်ယုံကြည်မှုများအကြား အပြန်အလှန်လေးစားမှုနှင့် အပြန်အလှန်နားလည်မှုတို့ တိုးတက် ဖြစ်ထွန်းလာအောင် ကြိုးပမ်းအားထုတ်ခြင်းဖြင့် လူ့ဘောင်အဖွဲ့အစည်း အတွင်း ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာမည်ဖြစ်သည်။

“ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့ (မြန်မာ)က နယူးယောက်မြို့ အခြေစိုက်သည့် ငြိမ်းချမ်းရေးအတွက် ကိုးကွယ်ရာဘာသာများအဖွဲ့ကြီးနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။ တစ်ကမ္ဘာလုံး လွှမ်းခြုံပူးပေါင်းဆောင်ရွက်နိုင်မှုကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအကြား ပေါင်းကူးတံတားသဖွယ် ရပ်တည်နိုင်မည်ဖြစ်သည်။ လူသားဖွံ့ဖြိုးရေး မြှင့်တင်ရာတွင်လည်းကောင်း၊ ကမ္ဘာကြီးအား ကာကွယ်စောင့်ရှောက်ရာတွင်လည်းကောင်း၊ တရားမျှတပြီး သဟဇာတရှိသော လူ့အဖွဲ့အစည်းအဖြစ် မြှင့်တင်ရာတွင်လည်းကောင်း အထောက်အကူပြုမည်ဖြစ်သည်။

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် ထူထောင်ရာ၌ ငြိမ်းချမ်းရေး၏ အရေးကြီးပုံကို မြန်မာနိုင်ငံသူနိုင်ငံသားများ သိရှိနားလည်ထားကြသည်။ ငြိမ်းချမ်းရေးတွန်းကားခြင်းမရှိပါက ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုမရနိုင်သလို တရားမျှတမှုနှင့် သဟဇာတဖြစ်မှုတို့လည်း ရရှိလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် ဘာသာတရားတိုင်းတွင် အခြေခံသည့် မေတ္တာတရားများ လွှမ်းခြုံကာ တရားမျှတမှု၊ သဟဇာတဖြစ်မှုတို့ ထုံမွမ်း စေသည့် အဆုံးအမများကို လိုက်နာကျင့်သုံးကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ တရားမျှတသည့် သဟဇာတရှိသည့် ငြိမ်းချမ်းသာယာ ဝပြောသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန်အတွက် ဘာသာတရားအဆုံးအမ ဩဝါဒများအတိုင်း နာခံကျင့်ကြံ ကြရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ