စက်တင်ဘာ ၂၇

၂ဝ၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) နှင့် ပတ်သက်၍ ထည့်သွင်း ပြောကြားခဲ့ပါသည်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး(ICC)၏ တည်ရှိမှုသည် တရားဝင်မှု မရှိသကဲ့သို့ တရားမျှတမှု၏ အခြေခံ သဘောတရားအားလုံးကို ချိုးဖောက်နေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အမြင်၌ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) သည် ကမ္ဘာ့ပြည်သူတို့၏ ကိုယ်စားပြုမှုကင်းမဲ့သော (တစ်နည်း) ရွေးချယ်တင်မြှောက်ထားခြင်း မရှိသော ယုံကြည်စိတ်ချရမှု မရှိသည့် ဗျူရိုကရေစီ ယန္တရားတစ်ရပ်သာ ဖြစ်ပါသည်။ ဤအမြင်အပေါ် အခြေခံ၍ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) ၏ အမေရိကန်နိုင်ငံအပေါ် တရားစီရင်ပိုင်ခွင့် ကို လုံးဝပယ်ချခဲ့ပါသည်။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ခုံရုံး(ICC) ၏ တရားစီရင်ပိုင်ခွင့်အပေါ် အသည်းအသန် ဆန့်ကျင် နေခြင်းမှာ အာဖဂန်နစ္စတန်စစ်ပွဲတွင် ကျူးလွန်ခဲ့သည်ဟူသော စစ်ရာဇဝတ်မှုများနှင့် ဆက်စပ်နေပါသည်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ခုံရုံး (ICC) သည် အမေရိကန် စစ်မှုထမ်းတို့က ကျူးလွန်ခဲ့ သည်ဟု စွပ်စွဲထားသော စစ်ရာဇဝတ်မှုတို့ကို စုံစမ်းစစ်ဆေးရန် ကြိုးပမ်းနေခြင်း ဖြစ်ပါသည်။ ၉/၁၁ အကြမ်းဖက် တိုက်ခိုက်မှုအပေါ် အကြောင်းပြု၍ အမေရိကန်နိုင်ငံတပ်ဖွဲ့တို့က အာဖဂန်နစ္စတန်နိုင်ငံကို ကျူးကျော်သည်မှ အစပြုခဲ့သော အာဖဂန်နစ္စတန်စစ်ပွဲသည် ယနေ့တိုင် ရပ်တန့်နိုင်ခဲ့ခြင်း မရှိပါ။ စစ်ပွဲစတင်ခဲ့သော ၂ဝဝ၁ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က စတင်ရေတွက်ပါက ၁၇ နှစ်နီးပါး ရှိနေပြီ ဖြစ်ပါသည်။ အမေရိကန် သမ္မတ၏ အာဖဂန် နစ္စတန်စစ်ပွဲဆိုင်ရာ သဘောထားအပေါ် သုံးသပ်ပါက အကြမ်းဖက်သမားတို့အား တုံ့ပြန်ချေမှုန်းရန် ရည်ရွယ်ချက်ဖြင့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအား ကျူးကျော်ခြင်းသည် တရားမျှတ သည်ဟူသော ခံယူချက်ကို မြင်တွေ့နိုင်ပါသည်။ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ တရားမျှတသော စစ်ပွဲအတွင်း ဆောင်ရွက်မှုတို့အပေါ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး(ICC)က စုံစမ်းစစ်ဆေးပိုင်ခွင့် မရှိဟူသော အမြင်ကိုလည်း မြင်တွေ့နိုင်ပါသည်။ အမေရိကန်သမ္မတက ဤအမြင်၊ ဤသဘောတို့ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ တစ်နည်းဆိုသော် ကမ္ဘာ့ပြည်သူတစ်ရပ်လုံးအား ပြောကြားလိုက်ခြင်း ဖြစ်ပါသည်။ အမေရိကန်သမ္မတ၏ ဤအမြင်၊ ဤသဘောကို ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC)၌ စွဲချက်တင် စစ်ဆေးရန် ကြိုးပမ်းနေသည့် အင်အားစုတို့၏ အမြင်သဘောထားနှင့် နှိုင်းယှဉ်သုံးသပ် ကြည့်နိုင်ပါသည်။ သေချာနေသည်မှာ အင်အားကြီးသူကို ချဉ်းကပ်ပုံ တစ်မျိုး၊ အင်အားငယ်သူကို ချဉ်းကပ်ပုံတစ်မျိုး ခွဲခြားကျင့်သုံးခြင်းသည် တရားမျှတမှု ကင်းမဲ့ခြင်းကို လှစ်ဟဖော်ပြ နေပါသည်။ တရားမျှတမှု ကင်းမဲ့သော စနစ်ဟူသမျှ မအောင်မြင်၊ ကျဆုံးရသည်ကို ကမ္ဘာ့သမိုင်းက သက်သေထူပြီး ဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။     ။
(မြန်မာ့အလင်း)