နေပြည်တော် နိုဝင်ဘာ ၇
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် နိုဝင်ဘာ ၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသော ကြွေပြားချပ်များ ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၉၉၅,၀၀၀ နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသော မော်တော်ယာဉ် (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅,၀၀၀,၀၀၀ ၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၆,၉၉၅,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ နိုဝင်ဘာ ၅ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့နယ်၌ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က သတင်းအရ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ မွေးမြူရေးဇုန်၊ ပိတောက်ရွှေဝါလမ်းရှိ ဂိုဒေါင်(၁)လုံးအတွင်း၌ စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် M-150 အားဖြည့်အချိုရည်(၃၀၀)ဖာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၂၅၀,၀၀၀)ကိုလည်းကောင်း၊ ကော့ကရိတ်(တံတားကျိုး)စုပေါင်းစစ်ဆေးရေး စခန်း၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသော ကားတာယာ(၂၅)ဘီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၇၅၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက် ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ နိုဝင်ဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၅) မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၄,၇၄၅,၀၀၀ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်