နေပြည်တော်၊ ဇန်နဝါရီ ၇
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၅ ရက်တွင် ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်သတ္တုတွင်းဦးစီးဌာနဦးဆောင်သော ပူးပေါင်းအဖွဲ့က သတင်းအရ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဝိုင်းမော်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ ဧရာဝတီမြစ်အတွင်း နောင်တာလောအင်း၌ တရားမဝင် ရွှေတူးဖော် လုပ်ကိုင်လျက် ရှိကြောင်း တွေ့ရှိရသဖြင့် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့သတ္တုတွင်းဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ ဇန်နဝါရီ ၆ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့၊ သင်္ဃန်းညီနောင် ကျေးရွာ၊ ချစ်ကြည်ရေးဆီဆိုင်အနီး၌ မော်တော်ယာဉ်(၃)စီးပေါ်မှ အကောက်ခွန်မဲ့ အိမ်သုတ် ဆေးပုံးများနှင့် အားဖြည့်အချိုရည်များ(ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၇၆၅,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ်(၃)စီးဖြစ်သည့် TOYOTA Probox (၁)စီး၊ NISSAN Caravan (၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄,၇၆၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ မုံရွာ-မန္တလေးကားလမ်း ပူးပေါင်း စစ်ဆေးရေးဂိတ်၌ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ TOYOTA Mark II အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်(၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၀၀၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီအရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇန်နဝါရီ ၅ ရက်နှင့် ၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၈) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇,၇၆၅,၀၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
(သတင်းစဉ်)