တရားမဝင် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများ၊ စက်မှုကုန်ကြမ်းပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဖေဖော်ဝါရီ  ၅

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆) မိုင်ကျောက်ချောစစ်ဆေးရေးစခန်းမှ ပူးပေါင်းအဖွဲ့က မန္တလေး - ပြင်ဦးလွင်လမ်း၊ မိုင်တိုင်အမှတ် (၂၁) မိုင်နေရာ၌ ရပ်တန့်ထားသည့် မော်တော်ယာဉ်တစ်စီးအား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသော Gel Ink Pen (၁၉၈၀) ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄,၂၂၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော Howo Sino Tractor Head အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့် နောက်တွဲယာဉ် တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄,၂၂၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂ ရက်တွင် မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Cotton Fabric (၁၁၀၀) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၉၅,၀၀၀) နှင့် အဆိုပါပစ္စည်းများတင်ဆောင်သော Toyota Dyna အမျိုးအစား မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ဖေဖော်ဝါရီ ၄ ရက်တွင်  ဘားအံမြို့မှ ပဲခူးမြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော Golden Mountain တံဆိပ်ပါ Oyster Sauce (၁၅) ဖာ အပါအဝင် ကုန်ပစ္စည်း လေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၆၇၁,၇၅၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော Toyota Hilux PICK UP အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇,၂၆၆,၇၅၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဖေဖော်ဝါရီ ၄ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သံလွင်တံတား (ဘားအံ) စုပေါင်းစစ်ဆေးရေးဂိတ်၌ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း တင်ပြနိုင်ခြင်း မရှိသော Singha တံဆိပ်ပါ ဘီယာ ဖာ (၂၀၀)၊ Lactasoy ဖာ (၂၀၀)၊ Lipovitan (၁၉၈) ဖာနှင့် Bingo Star တံဆိပ်ပါ ကြောင်စာ (၁၅) ဖာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၃၅၀,၀၀၀) နှင့် အဆိုပါစားသောက်ကုန် ပစ္စည်းများတင်ဆောင်သော MITSUBISHI Fuso အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂,၃၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

 

ထို့အပြင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်ခရိုင် တရားမဝင် ကုန်ပစ္စည်းများ တားဆီးရေးအဖွဲ့သည် မူဆယ်မြို့၊ ပန်ခမ်းတံတားအနီး မြေနီကားကြီးဝင်းရှိ ဂိုဒေါင်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသော မတပ်ဆင်ရသေးသည့် LOUJIA အမျိုးအစား မော်တော်ဆိုင်ကယ်အသစ် (၉၉) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၉,၀၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော DONG FENG အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၉,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

 

 

 

 

 

 

 

 

 

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၂ ရက်နှင့် ၄ ရက် တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၁) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၂,၈၃၆,၇၅၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

 

သတင်းစဉ်