နေပြည်တော် ဇူလိုင်  ၅

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါ ရှိလာသည့် တရုတ်နိုင်ငံထုတ် Galvanized Iron Pipe (၃၂၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၇၀၄,၀၀၀)ကိုလည်းကောင်း၊ ‌‌အေးရှားဝေါလ်ကုန်သေတ္တာစစ်‌ဆေးရေး စခန်း၌ ကုန်သေတ္တာ(၂၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိ လာသည့် တရုတ်နိုင်ငံထုတ် 100% Polyester Fabric (၁၂၆၀၀၀)မီတာနှင့် Galvanized Iron Pipe (၁၂၇၈၀၉)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၂,၄၇၉,၂၃၀)ကိုလည်းကောင်း၊ သီလဝါကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Rechargeable Sealed Lead Acid Battery (၅၀၀၀)လုံး အပါအဝင် ကုန်ပစ္စည်း (၁၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၆,၈၇၅,၉၀၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကားအပိုပစ္စည်း High Beam LED Lamp (၃၀)ခု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၅၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၈,၅၅၉,၁၃၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဇူလိုင်လ ၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့၊ ရွှေသံလွင် တိုးဂိတ်အနီး၌ ဘားအံမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ထိုင်းနိုင်ငံထုတ် လျှပ်စစ်ပန်ကာ (၅၀)လုံး၊ အင်ဒိုနီးရှားနိုင်ငံထုတ် Crunch Roll Chocolate (၄၀)ထုပ် အပါအဝင် ကုန်ပစ္စည်း(၆)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇,၂၉၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်‌ဆောင်လာသည့် Yutong Bus (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇,၂၉၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဇူလိုင်လ ၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အလုံမြို့နယ်၊ သစ်တောလမ်း၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ အမှတ်(၂)၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် Computer Accessories Graphic Tablet (၁၂၃)လုံးနှင့် ကလေးကစားစရာပစ္စည်း (၁၀၀) ကီလိုဂရမ် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၀၇၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇူလိုင် ၄ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၉)မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၈၈,၉၁၉,၁၃၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။   

(သတင်းစဉ်)