နေပြည်တော်၊   နိုဝင်ဘာ   ၂၅

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

နိုဝင်ဘာ ၂၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီံမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန် သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၁၅) လုံး အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ငါးမျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၉,၀၇၁,၂၇၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ နိုဝင်ဘာ ၂၃ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျိုင်းတုံမြို့နယ် ကျိုင်းဖောင်း ကျေးရွာအနီး၌ ကျိုင်းတုံမြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် ရှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၄,၀၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck လေးစီး၊ Hino Profia Truck နှစ်စီး၊ Fuso Truck နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆၄,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် နိုဝင်ဘာ ၂၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ်အနီး၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

နိုဝင်ဘာ ၂၂ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၂) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၃၃,၀၇၁,၂၇၀) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် ကုန်သွယ်မှုများကြောင့် ကုန်စျေးနှုန်းကြီးမြင့်မှု၊ ငွေကြေးမတည်ငြိမ်မှုများနှင့် နိုင်ငံတော်အတွက် အခွန်ဆုံးရှုံး နစ်နာမှုများဖြစ်ပေါ်စေပြီး စားသုံးသူ ပြည်သူများအတွက်လည်း ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သတင်းရရှိသည်။

 

သတင်းစဉ်