နေပြည်တော်၊ ဇွန် ၁၅
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
ဇွန် ၁၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၂) လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်း Pre Painted Galvanized Iron Sheet In Coil (၁၀၈၃၁၅) ကီလိုဂရမ်၊ Castrol အင်ဂျင်ဝိုင် (၄၇၅၂) ကီလိုဂရမ် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၀,၆၆၀,၄၁၉) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဇွန် ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ Bonded Warehouse အတွင်းမှ ပိုင်ရှင်မှစွန့်လွှတ်ကြောင်း တင်ပြလာသည့် Food Stuff စားသောက်ကုန်ကြမ်းပစ္စည်း ဖာ (၉၀) အပါအဝင် ကုန်ပစ္စည်း (၃) မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၅၀၉,၈၁၀) ကိုလည်းကောင်း၊ မိုင်းလားမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁) စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် ယာဉ်အပိုပစ္စည်း Speed Reducer Gearbox (၃၀) ခု၊ Angel Valve ရေပိုက်ခေါင်း (၅၂၅) ကီလိုဂရမ် အပါအဝင်ကုန်ပစ္စည်း (၅) မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅,၀၂၃,၁၅၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Giga Truck (၁) စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂,၅၃၂,၉၆၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇွန် ၁၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊
ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင် စက်သုံးဆီ ပရီမီယမ် ဒီဇယ်ဆီ (၇၀၅၆) ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၈,၀၂၆,၀၀၀) ကိုလည်းကောင်း၊ ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်၌ ပရီမီယမ် ဒီဇယ်ဆီ ဂါလန် (၃၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၈၅၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆၁,၈၇၆,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဇွန် ၁၄ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လားရှိုးမြို့နယ်၊ ဟိုပိတ် ကျေးရွာအုပ်စု၊ ဟိုပိတ်ဈေးအရှေ့၌ မော်တော်ယာဉ် (၁၁) စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Parts of Bridge Crane သံဘောင် ကီလိုဂရမ် (၉၇,၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၅,၅၅၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Howo Tractor Head (၇) စီး၊ JAC Tractor Head (၁) စီး၊ Nissan Diesel Tractor Head (၁) စီး၊ Scania Tractor Head (၁) စီး၊ Foton Tractor Head (၁) စီးနှင့် နောက်တွဲယာဉ် (၁၁) တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၄၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ မူဆယ်မြို့၊ ဆင်ဖြူဂိတ်အကျော် လမ်းဘေးတစ်နေရာ၌ စုပုံ ထားသော အကောက်ခွန်မဲ့ပစ္စည်းများ ဖြစ်သည့် Wifi Router လုံး (၅၀)၊ Dell Laptop လုံး (၂၀) အပါအဝင် ကုန်ပစ္စည်း (၃) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၄၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၆၅,၉၅၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီအရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ ဇွန် ၁၂ ရက်၊ ၁၃ ရက်နှင့် ၁၄ ရက် တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၄) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၉၃၁,၀၁၉,၃၇၉) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ မှသိရသည်။
သတင်းစဉ်