နေပြည်တော် မတ် ၁၇

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ မတ် ၁၄ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ်၊ ဘားအံစက်မှုဇုန်အနီး၌ မော်တော်ယာဉ် (၂၂)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်း(၃၉)မျိုး၊ လူသုံးကုန်ပစ္စည်း(၂၉)မျိုး၊ စားသောက်ကုန်ပစ္စည်း(၆)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၆၆,၇၆၂,၆၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Ranger Truck (၁)စီး၊ Hino Truck (၁)စီး၊ Mitsubishi Fuso Truck (၁)စီး၊ Star Light Truck (၁)စီး၊ Dong Feng Tractor Head (၅)စီး၊ Chenglong Tractor Head (၃)စီး၊ Nissan Diesel Tractor Head (၃)စီး၊ Hino Tractor Head (၂)စီး၊ Scania Tractor Head (၂)စီး၊ Mitsubishi Fuso Tractor Head (၁)စီး၊ Howo Sino Tractor Head (၁)စီး၊ Volvo Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁၈)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၇၈၀,၀၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၄၄၆,၇၆၂,၆၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ် ၁၅ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရပ်စောက်မြို့နယ်၊ ဗထူးတပ်နယ်၊ မင်းကြီးသုံးပါးပူးပေါင်းစစ်‌‌ဆေးရေးဂိတ်၌ မော်တော်ယာဉ် (၃)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၆,၁၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Truck (၁)စီး၊ Mitsubishi Fuso Truck (၁)စီး၊ Hino Ranger Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၈,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အထွက် (၄)မိုင်ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ မန္တလေးမြို့မှ မိုင်းရယ်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ကျောက်စိမ်းဟု ယူဆရသော လက်ကောက် ကွင်းကြမ်း (ဆိုဒ်စုံ) (၈၀၉)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၈၈၈,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Foton Mini Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀,၀၃၈,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့၊ ရွှေသံလွင်တိုးဂိတ်အနီး၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်း (၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၉၈၈,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် စက်မှုဇုန်ထုတ် Lwin Kyaw Bus (၁)စီးနှင့် Mitsubishi Fuso Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၇,၉၈၈,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ မတ် ၁၆ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့နယ်၊ ရွှေဟင်္သာရပ်ကွက်၊ အမှတ် (4A, 45-1)ရှိ ဂိုဒေါင် (၁)လုံးအတွင်းမှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၆,၅၂၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ် ၁၇ ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံဖြူဇရပ်မြို့နယ်၊ ကဒါတ်ထောက်ကျေးရွာလှေဆိပ်အနီး၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ ပေပါ (၃၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈,၅၀၀,၀၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ မော်လမြိုင် ခရိုင်နှင့် သထုံခရိုင်တို့အတွင်း၌ လိုင်စင်မဲ့ မော်တော်ယာဉ် (၄)စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်း‌ကောင်း၊ စုစု‌ပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃,၅၀၀,၀၀၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

၂၀၂၅ ခုနှစ်၊ မတ် ၁၄ ရက်၊ ၁၅ ရက်၊ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၆၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၉၆၄,၈၁၃,၆၀၀)ကို ဖမ်းဆီးရမိခဲ့သည်။ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုများသည် အဓိကအဟန့်အတား ဖြစ်ပေါ်စေပြီး လူမှုစီးပွားရေးကဏ္ဍအပေါ် များစွာဆိုးကျိုး သက်ရောက်ခြင်းများကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ယခုထက်ပိုမိုတားဆီး စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ မှသိရသည်။

သတင်းစဉ်