နေပြည်တော်၊ စက်တင်ဘာ ၂၁
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ် ( ၂၁ ) မိုင် ( ၆ ) ဖာလုံ၌ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ဆိုဖာထိုင်ခုံ ( ၄ ) လုံး၊ တရုတ်နိုင်ငံထုတ်မီးခြစ်အလုံး ( ၂၃၀၀၀ )၊ သွားတိုက်ဆေး ကီလိုဂရမ် ( ၂၂၀ ) အပါအဝင် ကုန်ပစ္စည်း ( ၂၁ ) မျိုး ( ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၆၈၇,၂၀၀ ) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Bus တစ် စီး ( ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃,၀၀၀,၀၀၀ ) ၊ စုစုပေါင်း ( ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈,၆၈၇,၂၀၀ ) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် စက်တင်ဘာ ၁၉ ရက်တွင် ရှမ်းပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွှဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့၊ ဆင်ဖြူစစ်ဆေးရေး ဂိတ်အကျော် လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ပစ္စည်းများ ဖြစ်သည့် Wifi Router ( ၃၃၀ ) ခု ( ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၆၀၀,၀၀၀ ) ကိုလည်းကောင်း၊ လားရှိုးမြို့၊ မြို့ရှောင်လမ်း၌ မူဆယ်မြို့မှ လားရှိုးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ခရီးဆောင်အိတ် ( ၁၂ ) လုံး အပါအဝင် ကုန်ပစ္စည်း ရှစ်မျိုး ( ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၄၀,၀၀၀ ) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace တစ်စီး ( ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀ ) ကိုလည်းကောင်း၊ စုစုပေါင်း ( ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၁,၆၄၀,၀၀၀ ) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် စက်တင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာစက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် စက္ကူခွက် ( ၉၅၇ ) ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း သုံးမျိုး ( ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၇၄၆,၇၂၀ ) ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ ခြောက်လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Polyester Fabric ( ၁၆၁၁၈ ) မီတာ ( ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇,၂၃၂,၅၈၀ ) နှင့် Solar Mounted Structure ( ၅၈၀၀၀ ) ကီလိုဂရမ် ( ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၁,၃၅၈,၀၀၀ ) ကိုလည်းကောင်း၊ သီလဝါကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ သုံးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Garuda ဂီယာဝိုင် ( ၅၈၀၈ ) ကီလိုဂရမ် ( ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၁၉၆,၈၀၀ ) ကိုလည်းကောင်း၊ စုစုပေါင်း ( ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀,၅၃၄,၁၀၀ ) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။
ထို့ပြင် စက်တင်ဘာ ၂၀ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့၊ မြင်းဆည်ကျွန်း၌ တရားမဝင် မီးသွေးအိတ် ( ၁၈၅ ) အိတ်၊ ခဲသတ္တု ( ၈၁၈၅၂ ) ကီလိုဂရမ်နှင့် သစ်သား စက်လှေတစ်စီး ( ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၆၀၆,၈၅၅,၀၀၀ ) ကို ဖမ်းဆီးရမိခဲ့ပြီး သတ္တုတွင်းဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ စက်တင်ဘာ ၁၈ ရက်၊ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ( ၁၂ ) မှု၊ ( ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၄၇,၇၁၆,၃၀၀ ) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်