နေပြည်တော် ဇူလိုင် ၃၁
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၂၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်(၁)ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အိန္ဒိယနိုင်ငံထုတ်ဆေးဝါး Erythropoietin Injection IP (ထုံဆေး) (၄၅၂)ဘူး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁,၅၆၀,၀၀၀)ကို လည်းကောင်း၊ ရန်ကုန်လေဆိပ်(ကုန်လှောင်ရုံ)၌ ပိုင်ရှင်မှ စွန့်လွှတ်ကြောင်း တင်ပြလာသည့် အိန္ဒိယ နိုင်ငံထုတ် Sterile Medicaldisposable Goods Dispovan (၁၀၀)ခု အပါအဝင် ကုန်ပစ္စည်း(၁၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁,၇၁၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ဇူလိုင် ၂၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် X-Ray စက်စစ်ဆေးရေးဂိတ်၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ထိုင်းနိုင်ငံထုတ် Nestle Milo (၁၂၀၀)ထုပ် အပါအဝင် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၅၀၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Zhong Tong Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)
စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၅၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ဇူလိုင် ၃၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ရတနာပုံတံတားပူး ပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ (၈၀)ဂါလန်၊ ဓာတ်ဆီ (၁၀၉)ဂါလန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၈၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာ ဥဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ဇူလိုင် ၃၁ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုတ်ပြင်း မြို့နယ်၊ ကရသူရိမြို့၊ ကော့ဗမာကျေးရွာအုပ်စု၊ ကြပ်မီးချောင်းအတွင်း၌ ရေယာဉ်(၁)စီးပေါ်မှ တရားမဝင် ခဲသတ္တု(၁၆၄ ဒသမ ၈)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၉၄၄,၀၀၀)နှင့် အဆိုပါခဲသတ္တုများ တင်ဆောင် ထားသည့် MV-မဏိဇောတ ကမ်းထိုးရေယာဉ် (၁)စီးနှင့် ရေယာဉ်ဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅၃,၂၈၅,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၈,၂၂၉,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇူလိုင် ၂၉ ရက်၊ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၇,၂၈၉,၀၀၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်


