တရားမဝင် ကျွန်းသစ်၊  စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ 

နေပြည်တော် မတ် ၃၀

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိရာ မတ် ၂၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန် အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၁)လုံး အတွင်းမှ  သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့်  Dressing Table (၁၁၆)စုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၁၂၀,၀၀၀)ကိုလည်းကောင်း၊ ကုန်းတွင်းဆိပ်ကမ်း ရွာသာကြီး (Dry Port)၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိ လာသော Compressor Air Filter (၃)ခု အပါအဝင် ကုန်ပစ္စည်း (၃)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂,၁၉၅,၁၈၂)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၃၁၅,၁၈၂) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် လက်ပံလှ - စဉ့်ကူး ယာယီစစ်ဆေးရေးဂိတ်တွင် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကလေးကျောပိုးအိတ် (ဆိုဒ်မျိုးစုံ) (၃,၀၀၀)လုံး အပါအဝင် ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၅၅၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck အမျိုးအစား မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄,၅၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

ထို့ပြင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်ခရိုင်တရားမဝင်ကုန်စည်တားဆီးထိန်းချုပ်ရေးအဖွဲ့က မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ စွမ်စော် (၄)လမ်းအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရပ်တန့်ထားသော မော်တော်ယာဉ်(၁)စီးအား ရှောင်တခင်သွားရောက်စိစစ်၍ မူဆယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံး၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်  Travelling Suit Case (၂)လုံးအပါအဝင် ကုန်ပစ္စည်း (၈၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅,၀၇၁,၉၆၀)၊ အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ထောက်ခံချက် မပါရှိသည့် တရုတ်နိုင်ငံထုတ် စားသောက်ကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆,၈၃၆,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Dongfeng  Truck အမျိုးအစား မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၀၁,၉၀၇,၉၆၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ၊ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရမိရေးအဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းနှင့် လေး‌ထောင့်ကန်လမ်းဆုံအနီးတွင် လိုင်စင်မဲ့ Toyota Mark II အမျိုးအစား မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၀၀,၀၀၀) အား ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  တောင်ငူခရိုင် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖြူးမြို့နယ်၊ ဖြူးကွန်းကြိုးပြင်ကာကွယ်တောအတွင်း၌ တရားမဝင် ကျွန်းသစ်ခွဲသား (၆.၃၀၇၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၁၆၂,၆၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။ 

သို့ဖြစ်ပါ၍ မတ်  ၂၉  ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၉) မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆၄,၄၃၅,၇၆၂) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်