ကလေး  ၃၀   နိုဝင်ဘာ

 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသစ်တော ဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) WCS Myanmar Program တို့ပူပေါင်း စီစဉ်မှုဖြင့် တရားမဝင် ကုန်သွယ်မှုမှ ဖမ်းဆီးရမိသော တောရိုင်း တိရစ္ဆာန်များ ပြုစုစောင့်ရှောက်ရေး သင်တန်းကို နိုဝင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့ Hotel GBH ခန်းမ၌ ပြုလုပ်သည်။

 

သင်တန်းဆင်းပွဲတွင် ကလေးရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဟန် က သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်ပေးအပ်ကာ သင်တန်းသားများကိုယ်စား ကလေးအခြေစိုက် အထက်ချင်းတွင်း ဒေသလူငယ်များကွန်ရက် အမှုဆောင်ဒါရိုက်တာ ဦးကျော်သက်ဝင်းက ကျေးဇူးတင် စကားပြန်လည် ပြောကြားသည်။

 

သင်တန်းတွင် ကလေးမြို့နယ် သစ်တောဦးစီးဌာန၊ ဥပဒေရုံးနှင့် WCS/ TSA မှ ဆရာ ဆရာမ ၁၂ ဦး တို့က တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်း ဝယ်တားဆီးအရေးယူမှုများ၊ ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ထိန်းသိမ်းစောင့်ရှောင့်ခြင်းဆိုင်ရာ ဥပဒေနှင့် CITES အကြောင်း၊ မြန်မာနိုင်ငံတွင် တရားမဝင်တောရိုင်း တိရစ္ဆာန် ကုန်သွယ်မှုများ၊ အရှေ့တောင်အာရှတွင် ကုန်သွယ်မှုအများဆုံး တောရိုင်းတိရစ္ဆာန်များ၊ WildlifeTrade Information Gathering and Analysis Using SMART Profile အကြောင်း၊ နို့တိုက်သတ္တဝါများအား မျိုးစိတ်ခွဲခြားခြင်း၊ တောရိုင်းတိရစ္ဆာန် တရားမဝင် သယ်ဆောင်သည့် နည်းလမ်းများ၊ သစ်တောမှုများ အရေးယူဆောင် ရွက်ခဲ့မှုများ၊ တောရိုင်းတိရစ္ဆာန် အခွင့်အရေးနှင့် မြန်မာနိုင်ငံနှင့် နိုင်ငံတကာတွင် တောရိုင်း တိရစ္ဆာန်များ၏ ဥပဒေ အဆင့်အတန်း၊  မြန်မာနိုင်ငံ၏ နိုင်ငံတကာ တာဝန်များနှင့် ကတိကဝတ်များ၊ နိုင်ငံဖြတ်ကျော်တောရိုင်းတိရစ္ဆာန်များနှင့် သစ်တောမှုခင်းများ၊ သဘာဝဂေဟစနစ်အပေါ် လိပ်၊ မြွေ၊ တောက်တဲ့၊ သင်းခွေချပ်များအား မျိုးစိတ်ခွဲခြားခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး နည်းလမ်းများစသည့် ခေါင်းစဉ်တို့ဖြင့် တက်ရောက်ကြသည့် သင်တန်း သား ၅၂ ဦးတို့အား အသေးစိတ် ရှင်းလင်းပို့ချခဲ့သည်။

 

အဆိုပါသင်တန်းကို ချင်းပြည်နယ် ဟားခါးမြို့၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ ကရင်ပြည်နယ် ဘားအံမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တို့၌ ဆက်လက် ဖွင့်လှစ်ပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

 

ချင်းတွင်းသား