နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၄ ရက်တွင် ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီး၊ မယ်ဟန် ကျေးရွာအနီး၌ လားရှိုးမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၃)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ရာဘာလက်အိတ် ကီလိုဂရမ် (၂၈၀)၊ YOBOLIFE Solar System Set (၂၀)စုံ အပါအဝင်ကုန်ပစ္စည်း(၁၈)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၃,၀၆၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Ipsum (၃)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂,၀၀၀,၀၀၀) စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅,၀၆၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ဖေဖော်ဝါရီ ၁၄ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့၊ ကမော့ ကစင်ကျေးရွာ အနီး၌ မြဝတီမြို့မှရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၂)စီး‌ပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသည့် Sport Shoes (၁၅၀၀)ရန်၊ Parrot Soap ကီလိုဂရမ် (၂၅၀၀) အပါအဝင် ကုန်ပစ္စည်း(၇)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၃၅၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီး၊ Nissan Diesel Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၅,၀၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၄,၃၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ဖေဖော်ဝါရီ ၁၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၅)လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Ceramic Tiles (၁၂၂၄) စတုရန်းမီတာ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၈,၇၅၇,၁၆၂)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ဖေဖော်ဝါရီ ၁၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည်  (X-Ray)စက် စစ်ဆေး ရေးဂိတ်၌သာမညမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Quick ခေါက်ဆွဲခြောက်ဘူး (၂၈၈၀)ထုပ်၊ Nutrimix Layer ဓါတ်မြေသြဇာ အိတ် (၈၀) ၊ Novozymes ပိုးသတ်ဆေး ဘူး (၁၂၀)၊ Outdoor Electrical Metal Box အခု(၇၀၀)၊ Palmera Triple Pressed Stearic Acid Flakes (၁၁၅)အိတ် အပါအဝင် ကုန်ပစ္စည်း(၇)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၄,၂၀၅,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် NiDi Truck (၁)စီး နှင့် Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၄,၂၀၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်၍ ဖေဖော်ဝါရီ ၁၄ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၈)မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၆၂,၃၇၂,၁၆၂)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)