နေပြည်တော်၊ အောက်တိုဘာ ၁၀
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ် (၁) စီးပေါ်မှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသော နံရံနှင့်မျက်နှာကျက်တွင် အသုံးပြုသည့် Cement Board များ (၈၀၀၀) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၁၆,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Scania Tractor Head အမျိုးအစား မော်တော်ယာဉ် (၁) စီးနှင့် နောက်တွဲယာဉ် (၁) တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇,၀၁၆,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ အောက်တိုဘာ ၁၀ ရက်တွင် ကရင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်တစ်စီးပေါ်မှ အကောက်ခွန်မဲ့ Smart Softener (၂၅၀) ဖာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၄) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀,၀၁၆,၀၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်