နေပြည်တော် မတ် ၂၂
တရားမဝင်ဖမ်းဆီးရမိသည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအမှုတွဲများ အမြန်ဆုံးပြီးပြတ်စေရန်ကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာသီတာဦး၊ ဦးထွန်းအုံ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ တရားရုံးများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့စခန်းများ၊ သစ်တောဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်များက ဘဏ္ဍာသိမ်းယာဉ်များကို အဓိကသိမ်းဆည်းရရှိပါကြောင်း၊ သိမ်းဆည်းရရှိသည့် ဘဏ္ဍာသိမ်းယာဉ်၊ ယန္တရား၊ မော်တော်ဆိုင်ကယ်များကို ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံစေလျက်ရှိပါကြောင်း။
“လိုင်စင်မဲ့ (ပိုင်ရှင်မဲ့) ယာဉ်များကို နိုင်ငံပိုင် (ပြည်သူ့ဘဏ္ဍာ) အဖြစ် သိမ်းဆည်းမိန့်ချမှတ်ရာ၌ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထောက်ခံချက်ရရှိပါက သိမ်းဆည်းမိန့်ချမှတ်ဆောင်ရွက်သွားရန်နှင့် ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ လွှဲပြောင်းအပ်နှံဆောင်ရွက်သွားရန်” ညွှန်ကြားထားရှိပါကြောင်း၊ ဘဏ္ဍာသိမ်းယာဉ် သိမ်းဆည်းအပ်နှံမှုလုပ်ငန်းများ ပိုမိုထိရောက်မြန်ဆန်စေရန်အတွက် သိမ်းဆည်းရမိ မော်တော်ယာဉ်များ၊ ပစ္စည်းများ အမြန်ဆုံးစီမံဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်ခဲ့ပါကြောင်း။
တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် တရားရုံးများက ရာဇဝတ်မှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုဖြစ်စေ၊ စစ်ဆေးစီရင်မှုဖြစ်စေ ဆောင်ရွက်ဆဲကာလတွင် သိမ်းဆည်းထားသော သက်သေခံပစ္စည်းများ တန်ဖိုးဆုံးရှုံးမှုမရှိစေရေး စီမံထိန်းသိမ်း ဆောင်ရွက်နိုင်ရန်အတွက် သက်သေခံပစ္စည်း စီမံထိန်းသိမ်းမှု ဗဟိုကော်မတီ၊ နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နှင့် ခရိုင်အဆင့် သက်သေခံပစ္စည်း စီမံထိန်းသိမ်းမှုကော်မတီကို ပြင်ဆင်ဖွဲ့စည်းထားရှိပါကြောင်း၊ “တရားဝင်နှင့် တရားမဝင်ယာဉ်၊ ယန္တရားများ အမိန့်ရင်ဆိုင်ကာလအတွင်း မပျက်စီးစေရန် ထိန်းသိမ်းမှုအခွင့်အာဏာနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက်ရန်” လမ်းညွှန်ခဲ့ပါကြောင်း။
လိုင်စင်မဲ့ ဘဏ္ဍာသိမ်းယာဉ်များကို သံရည်ကျိုအဆင့်သို့ ရောက်ရှိခြင်းမှ ကာကွယ်နိုင်ရန်နှင့် ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြင့် ဆောလျင်စွာ စီမံဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများအလိုက် ရေးဆွဲထားသည့် လုပ်ငန်းစဉ် (SOPs) များနှင့်အညီ နိုင်ငံပိုင် (ပြည်သူ့ဘဏ္ဍာ) အဖြစ် ဆောလျင်စွာ သိမ်းဆည်းမိန့်ချမှတ်၍ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ လွှဲပြောင်းအပ်နှံစေရေး စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်ရန်နှင့် “တရားမဝင် ဖမ်းဆီးရမိသည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေး အမှုတွဲများ အမြန်ဆုံးပြီးပြတ်စေရန်” ကိစ္စနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဘဏ္ဍာသိမ်းယာဉ်များ စစ်ဆေးလွှဲပြောင်းလက်ခံခြင်း၊ စီမံဆောင်ရွက်ခြင်းနှင့် ဘဏ္ဍာသိမ်းယာဉ် သိမ်းဆည်းအပ်နှံခြင်းလုပ်ငန်းများ ထိရောက်မြန်ဆန်စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများက မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု၊ သက်သေခံပစ္စည်းများ စီမံထိန်းသိမ်းမှုဗဟိုကော်မတီ၏ ဆောင်ရွက်နေမှု၊ ဖမ်းဆီးရမိမော်တော်ယာဉ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေး အမှုတွဲများ အမြန်ဆုံးပြီးပြတ်ရေး ဆောင်ရွက်နေသည့် အခြေအနေများ၊ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဖမ်းဆီးရမိယာဉ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်ထားရှိမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူများက တရားမဝင်ဖမ်းဆီးရမိသည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေး အမှုတွဲများ အမြန်ဆုံးပြီးပြတ်စေရန်၊ လိုင်စင်မဲ့ဘဏ္ဍာသိမ်းယာဉ်များကို သံရည်ကျိုအဆင့်သို့ရောက်ရှိခြင်းမှ ကာကွယ်နိုင်ရန်နှင့် ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြင့် ဆောလျင်စွာ စီမံဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်