နေပြည်တော်၊ အောက်တိုဘာ ၁၂

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၉ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပုသိမ်မြို့

အမှတ်(၁)ရပ်ကွက် ပုသိမ်-ချောင်းသာကားလမ်း၊ အမှတ်(၁) ကြိုးတံတားစစ်ဆေးရေးဂိတ်၌ Toyota  Crown အမျိုးအစား လိုင်စင်မဲ့ မော်တော်‌ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ အောက်တိုဘာ ၁၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာစက်မှု ဆိပ်ကမ်းကုန်သေတ္တာစစ်ဆေး‌‌ရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ‌ ဆောင်ရွက် ခဲ့ရာ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့် အလှကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉,၆၃၅,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ‌ ဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွှေဘို-မြစ်ကြီးနားကားလမ်း၌ တရားမဝင်ပစ္စည်းများ တင်ဆောင်လာသည့် နောက်တွဲယာဉ်ပါ Shacman အမျိုးအစား မော်တော်ယာဉ်(၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀,၀၀၀,၀၀၀)နှင့် Toyota Crown အမျိုးအစား မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၄၃,၀၀၀,၀၀၀)ကို ဖမ်းဆီးအရေးယူ‌ ဆောင်ရွက်လျက်ရှိသည်။      

 

၎င်းအပြင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်‌ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မင်းဘူးမြို့နယ်၊ မင်းဘူး-မင်းလှသွား ကားလမ်းအနီးတွင် မော်တော်ယာဉ်(၁)စီးပေါ်၌ တရားမဝင် ရေနံစိမ်း (၂၁၀)ဂါလန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၃၀,၀၀၀)နှင့် အဆိုပါရေနံစိမ်းများ တင်ဆောင်လာသည့်  မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၆၃၀,၀၀၀)ကို  ဖမ်းဆီးရမိ ခဲ့ပြီး ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

 

အလားတူ ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်‌ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး)စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်(၁)စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ခရီးဆောင်အိတ်(၇၀)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၁၀၀,၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍  အောက်တိုဘာလ ၉ ရက်နှင့် ၁၁ ရက်နေ့တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၈,၃၆၅,၀၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

(သတင်းစဉ်)