တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၁၀ဝ ကျော်ကို လစ်ဗျားရေတပ် ကယ်ဆယ်

၃ စက်တင်ဘာ

လစ်ဗျားနိုင်ငံ အနောက်ဘက် ကမ်းလွန်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၁၀ဝ ကျော်ကို လစ်ဗျားရေတပ်က ယမန်နေ့က ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

ထရီပိုလီ မြို့တော် အနောက်ဘက် ၇၅ ကီလိုမီတာခန့်၊ ဆာဘရက်သာ ကမ်းလွန် ၁၇ မိုင်ခန့်အကွာ ရာဘာလှေတစ်စီးပေါ်ရှိ တရားမဝင်ရွှေ့ပြောင်းသွားသူ ၁၀၈ ဦး ကို ကမ်းခြေစောင့်တပ်ဖွဲ့များက ကယ်ဆယ်ခဲ့ကြောင်း ရေတပ်ပြောရေးဆိုခွင့်ရှိသူ Ayob Qassem က သတင်းထောက်များကို ပြောကြားခဲ့သည်။

အဆိုပါ ရွှေ့ပြောင်းသွားလာသူများသည် အာရပ် နှင့် အာဖရိက လူမျိုးများ ဖြစ်ကြောင်း၊ ၎င်းတို့တွင် အမျိုးသမီး ၁၃ ဦး နှင့် ကလေး ရှစ်ဦး တို့ပါဝင်ကြောင်း Ayob Qassem က ထပ်လောင်းပြောကြားခဲ့သည်။

လူသားချင်းစာနာထောက်ထားမှုနှင့် ဆေးဝါးအကူအညီများကို လက်ခံရရှိပြီးနောက် ထိုရွှေ့ပြောင်းနေထိုင်သူများကို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသို့လွှဲပြောင်းပေးအပ်ခဲ့ကြောင်း Qassem က ပြောကြားခဲ့သည်။

လစ်ဗျားအနောက်ဘက်ကမ်းလွန်တွင် ပြီးခဲ့သည့် သီတင်းပတ်က တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၄၀ ဦးခန့် ပျောက်ဆုံးနေကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဖော်ပြခဲ့သည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို