နေပြည်တော်၊ စက်တင်ဘာ ၁၁
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်းမှ တာဝန်ကျပူးပေါင်းအဖွဲ့က သတင်းအရ ရန်ကုန် - မြဝတီလမ်းမကြီး မိုင်တိုင်အမှတ် (၉၇)မိုင်၊ (၆)ဖာလုံ ရွှေဖြူရာဘာခြံအနီး ရှောင်ကွင်းလမ်းထိပ်၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရှောင်ကွင်းလမ်းအတွင်းမှ ထွက်ခွာလာသော Toyota Crown အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ စက်တင်ဘာ ၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာစက်မှု ဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော အားကစားဝတ်စုံနှင့်ဖိနပ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၃၇၃,၅၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က တောင်ကြီးမှ မန္တလေးသို့ ဝင်ရောက်လာသောယာဉ်များတွင် တရားမဝင် အကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်နေကြောင်း သတင်းအရ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ထုံးဘိုဂိတ်အနီး၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင် တင်သွင်းခွင့်အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသော အကောက်ခွန်မဲ့ စားသောက်ကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈,၅၁၀,၀၀၀) နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသော MITSUBISHI FUSO အမျိုးအစား ခြောက်ဘီး မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈,၅၁၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

ထို့အပြင် စက်တင်ဘာ ၁၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ကိုင်းမြို့အဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ Toyota Wish အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၅၀၀,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် စက်တင်ဘာ ၁၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်၊ ခပေါင်းကြိုးဝိုင်းအတွင်း ပျဉ်းကတိုးသစ် (၀ ဒသမ ၅၀၅၈) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၂,၉၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ စက်တင်ဘာ ၇ ရက်၊ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၉) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅,၆၃၆,၄၀၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်